ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲများကို ကျင်းပပေးခြင်းသည် မိမိတို့နိုင်ငံ၏ ဘောလုံးအားကစားအဆင့်အတန်းမြင့်မားရေးကို များစွာအထောက်အကူပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲများကို ကျင်းပပေးခြင်းသည် မိမိတို့နိုင်ငံ၏ ဘောလုံးအားကစားအဆင့်အတန်းမြင့်မားရေးကို များစွာအထောက်အကူပြု

 


MNP ၊ ဇွန် ၂၁

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်များဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြုတက္ကသိုလ်ဘောလုံးအသင်းမှ အားကစားသမားများကို ယမန်နေ့က နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။


တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြုတက္ကသိုလ်ဘောလုံးအသင်းမှ အသင်းအုပ်ချုပ်သူ၊ အသင်းနည်းပြနှင့် ဘောလုံးအားကစား သမားများတက်ရောက်ကြသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အားကစားအဆင့်အတန်းမြင့်မားခြင်းသည် နိုင်ငံတော်၏ တိုးတက်ဖွံ့ဖြိုးမှုကို ထင်ဟပ်စေကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် အားကစားကဏ္ဍမြှင့်တင်ခြင်းကို အထူးအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် 2023 SEA Games တွင် အမျိုးသမီး ဘောလုံးအသင်း အပါအဝင် မြန်မာအားကစားအဖွဲ့ များအနေဖြင့် အောင်မြင်မှုများစွာရရှိခဲ့ကြောင်း၊ ဘောလုံးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း နိုင်ငံတော်မှအားပေးဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံစသည်ဖြင့် ဘောလုံးအားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ ထိုသို့ ကျင်းပပေးခြင်းသည် မိမိတို့နိုင်ငံ၏ ဘောလုံးအားကစားအဆင့်အတန်းမြင့်မား ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း။


ယခုကျင်းပမည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်များဘောလုံးပြိုင်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးနှင့်ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ဘောလုံး အားကစားသမားများ ပါဝင်ကြမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနကိုယ်စားပြု တက္ကသိုလ်ဘောလုံး အသင်းတစ်သင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် အားကစားနည်းအမျိုးမျိုးကို မိမိတို့ဝါသနာပါရာ နှစ်သက်ရာအလိုက် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူ များက အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ သက်ဆိုင်ရာ ဆေးပညာရပ်တွင်သာမက အားကစားတွင်ပါထူးချွန်သည့် ဘက်စုံတော်သော မျိုးဆက်သစ်များ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးကဆေးနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များတွင် ဘောလုံး၊ ရေကူး၊ ဘတ်စကက်ဘော၊ ကြက်တောင် စသည့် အားကစားနည်းများ ဆောင်ရွက်နိုင်မည့် အခြေ အနေများနှင့် တက္ကသိုလ်များအကြား ဘောလုံးပြိုင်ပွဲများ ပိုမိုဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျန်းမာရေးဝန်ကြီးဌာနကိုယ်စားပြု တက္ကသိုလ်ဘောလုံးအသင်းမှ အသင်းအုပ်ချုပ်သူ၊ အသင်းနည်းပြနှင့် ဘောလုံးအားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြသည်။


၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်များဘောလုံးပြိုင်ပွဲကို ဇွန် ၂၂ ရက်မှ ဇူလိုင် ၄ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)