နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြား



MNP ၊ ဇွန် ၂၂

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၃)ကို ယမန်နေ့က နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တက်ရောက် အမှာစကားပြောကြားသည်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။


ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းနည်းဥပဒေ အခန်း ၅ ပုဒ်မ ၁၃ ပါ ပြဋ္ဌာန်းချက်အရ ဗဟိုကော်မတီ၏ ပုံမှန်အစည်းအဝေးများကို တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ်ကျင်းပရန် လိုအပ်ပါကြောင်း၊ ယခုအချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် လာနိုင်ပြီဖြစ်သည့်အပြင် ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါကြောင်း၊ ထို့ပြင်လာမည့် ပွင့်လင်းရာသီ ခရီးသွားကာလမရောက်မီတွင် ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါကြောင်း။


ခရီးသွားလုပ်ငန်းသည် အဓိကအားဖြင့် လူများတိုက်ရိုက်ပါဝင်နေရသည့် သဘောသဘာဝရှိသည့်အတွက် ကပ်ရောဂါဖြစ်ပွားခြင်း၊ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းစသည့် ပြင်ပရိုက်ခတ်မှုများကြောင့် အဟန့်အတားများဖြစ်စေသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ယင်းအချက်များ ရှိနေမည်ဆိုပါက ခရီးသွား လုပ်ငန်းသည်လည်း ကျဆင်းလာသည့် သဘောရှိပါကြောင်း၊ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံတကာ လေကြောင်းလိုင်းများ  ရပ်နားသွားပြီး ခရီးသွားကန့်သတ်ချက်များရှိခဲ့ခြင်းကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံ၏ ခရီး သွားလုပ်ငန်းများသည် လုံးဝနီးပါးရပ်တန့်သွားခဲ့ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမတိုင်မီ ၂၀၁၉ ခုနှစ် တွင် ခရီးသည် ၄ ဒသမ ၃၆ သန်း လာရောက်ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ခရီးသည် ကိုးသိန်း၊ ၂၀၂၁ ခုနှစ်တွင် တစ်သိန်းကျော်သာ ဝင်ရောက်ခဲ့ပါကြောင်း။


၂၀၂၂ ခုနှစ်၊ ဧပြီလကစ၍ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ပြုခဲ့ခြင်းကြောင့် တစ်စတစ်စ ပြန်လည်တိုးတက်လာပြီး ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၃ သိန်းကျော် ဝင်ရောက်ခဲ့ပါကြောင်း၊ သို့သော် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ စာရင်းဇယားများအရ ၂၀၂၂ ခုနှစ် တွင် ထိုင်းနိုင်ငံသို့ ခရီးသည် ၁၁ ဒသမ ၁ သန်း၊ လာအိုနိုင်ငံသို့ တစ်သန်း၊ ကမ္ဘောဒီးယားနိုင်ငံသို့ ၂ ဒသမ ၂ သန်း၊ ဗီယက်နမ်နိုင်ငံသို့ ၃ ဒသမ ၄ သန်း အသီးသီး လာရောက်လည်ပတ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနည်းတူ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာဆောင်ရွက်ရမည်ကို မီးမောင်းထိုးပြနေပါကြောင်း။


မြန်မာနိုင်ငံအနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံများကဲ့သို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင်ခရီးသည်များ ဝင်ထွက်မှု လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ (ဥပမာအားဖြင့် e-Visa နှင့်ပတ်သက်၍ ဖြေလျှော့ပေးရ မည့်လုပ်ငန်းများ)ဖြစ်ပါကြောင်း၊ ထို့ပြင် ခရီးသွားများကို မက်လုံးပေးသည့် အစီအစဉ်များဖြစ်သည့် အထူးဈေးနှုန်းပေးအစီအစဉ်များ၊ Tax Refund ပေးခြင်းအစီအစဉ်များ စသည်တို့ကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ခရီးစဉ် ဒေသများကို အချိန်ကုန်သက်သာပြီး ထိရောက်မည့် Online Platform ၊ Online Marketing ဖြင့် ကြေညာခြင်းများကို ယနေ့အချိန်အခါတွင် ဆောင်ရွက်၍ရပါကြောင်း။


နောက်တစ်ချက်အနေဖြင့် ငွေလဲလှယ်နှုန်းဖြစ်ပါကြောင်း၊ မိမိတို့ဗဟိုဘဏ်တွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းသည် သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယင်းမူဝါဒအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်ပဘဏ်မှလွှဲသည့် ငွေများနှင့် ပတ်သတ်၍လည်း ယင်းမူဝါဒအတိုင်းသာ ဆောင်ရွက်ရပါကြောင်း။


ထို့အတူ နိုင်ငံခြားတွင်အသုံးပြုသည့် Master Card နှင့် Visa Card များကို နေရာတိုင်းတွင် သုံးစွဲခွင့်ရရန် လိုအပ်သည်ကို သုံးသပ်ရပါကြောင်း၊ ထို့ပြင် ခရီးသွားလုပ်ငန်းများကို နိုင်ငံတကာမီဒီယာများက သိရှိစေရန်အတွက် များစွာလိုအပ်နေသေးပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာမီဒီယာသိရှိစေရန်အတွက် ခရီးသွားလုပ်ငန်းပြပွဲများ၊ ကုန်စည်ပြပွဲများ မိမိတို့နိုင်ငံတွင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် လုပ်ဆောင်နေသည့် ခရီးသွားလုပ်ငန်းပြပွဲများသို့ အရောက်သွား၍ မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး နိုင်ငံတကာကသိရှိစေရန် ဆောင်ရွက်ပေးရန်လိုအပ်သည့် အပြင် နိုင်ငံတကာဈေးကွက်ရှာဖွေပေးသည့် အေဂျင်စီများဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။


ခရီးသွားလုပ်ငန်း၏ အဓိကလုပ်ငန်းတစ်ရပ်သည် ဘေးကင်းလုံခြုံမှုရှိရန်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ လုံခြုံရေးအရ မသွားသင့်သည့်နေရာ၊ သွားသင့်သည့်နေရာများကို ထုတ်ပြန်ပေးထားပါကြောင်း၊ နောက်ပိုင်းတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရ ဖြေလျှော့ပေး၍ရမည့်နေရာများကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က ခရီးသွားလုပ်ငန်း ဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။


ယင်းနောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ဗဟိုကော်မတီ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ပြီးစီးမှုအခြေအနေ၊ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီခြောက်ခုတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ အစားထိုးပြင်ဆင် ဖွဲ့စည်းမှုအခြေအနေများနှင့် ကြိုတင်ခွင့်ပြုချက်နှင့် လိုင်စင်လျှောက်ထားမှုများ၌ တင်ပြရသည့် အထောက်အထားများ ဖြေလျှော့ပေးနိုင်ရေးဆောင်ရွက်ထားမှုအခြေအနေတို့ကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။


ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ များအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။


ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)