ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ




MNP ၊ ဇွန် ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီး ဖြစ်သည်။


ထိုသို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန် ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  အစိုးရရပ်ကွက်ရှိ ပိတ်ဆို့နေသောရေနုတ်မြောင်း ပြန်လည်တူးဖော် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူခရိုင်၊ ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက် ကုသမှု ခံယူနေသော နဂါးကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။


အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့မရပ်ကွက်ရှိ  အခြေခံပညာကျောင်းများ၌ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌  မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နယ်မြေအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များမှာကြားပြီး Cyclone Shelter  များ ဆောက်လုပ်ထားရှိမှုနှင့် ဘူးသီးတောင်- ရသေ့တောင် ရေလမ်းကြောင်းနှင့် ကုန်းတွင်းလမ်းမကြီးဘေးရှိ ကျေးရွာများ၌ Cyclone Shelter  များ ထပ်မံဆောက် လုပ်ရန်အတွက် လိုအပ်သည်များမှာကြားသည်။ ထို့ပြင် မြို့သစ်ရပ်ကွက်ရှိ ဦးဥတ္တမခန်းမ၌ ကျေးရွာအုပ်စု ၇ စုမှ ဒေသခံပြည်သူများနှင့် ကျေးရွာ ကိုယ်စားလှယ်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။


ထို့တူ ရခိုင်ပြည်နယ်၊ မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သဘာဝ ဘေးပြန်လည်ထူထောင်ရေး ကော်မတီနှင့် အလှူရှင်များမှ ထောက်ပံ့သော ပြည်တွင်းရေကြောင်းပိုင် ကုလားတန်(၆)သင်္ဘောဖြင့် ထပ်မံရောက်ရှိ လာသည့် ပစ္စည်းများအား ယနေ့နံနက်ပိုင်းတွင် ငုပင်လယ်ဆိပ်ခံတံတားပေါ်သို့ တင်ယူပြီး ဖွင့်ဖောက်စစ်ဆေး အတည်ပြုလက်ခံကာ လေဘေးသင့်ပြည်သူများသို့ ချက်ချင်း ဖြန့်ဝေပေးခဲ့သည်။


အလားတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ အဆိုပါမြို့အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီး ကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အခြေခံပညာကျောင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)