Pages

Pages

စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ထောက်ပံ့ရေး ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍ မုန်တိုင်းဒဏ်သင့်ဒေသများသို့ စနစ်တကျဖြန့်ခွဲပေးပို့နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ







MNP ၊ ဇွန် ၂၈

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီး ဆိပ်ကမ်းတို့၌ ဆိုက်ကပ်ထားသော မာကျူရီဖို့စ်သင်္ဘော၊ MV ROYAL VENUS သင်္ဘောနှင့် ပြည်တော်အေး-၂ သင်္ဘောများပေါ်မှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ထောက်ပံ့ရေးပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားများအသုံးပြု၍ မုန်တိုင်းဒဏ်သင့်ဒေသများသို့ စနစ်တကျဖြန့်ခွဲပေးပို့နိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရခိုင် ပြည်နယ် ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး အဘိုး၊ အဘွား ၃၇ ဦး အတွက် စားသောက်ဖွယ်ရာများ နှင့် အလှူငွေများထောက်ပံ့ လှူဒါန်းကာ ရိပ်သာအတွင်း လှည့်လည်ကြည့်ရှုသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရုံးများ၊ သိုလှောင်ရုံများ၊ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အောင်မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ကေကျေးရွာတို့ကို ဆက်သွယ်ပေးထားသော အရှည် ၈၅ ပေ၊ အကျယ် ၁၂ ပေရှိ ဘေလီသစ်သားကြမ်းခင်းတံတား ပြန်လည်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တံတားရေရှည် တည်တံ့ခိုင်မြဲအောင် စနစ်တကျတည်ဆောက်သွားရန် မှာကြားသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရ ဧည့်ဂေဟာ၌ လယ်ယာအထောက် အကူပြု ယွန်းလျှံကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်မျိုးဦးနှင့်တွေ့ဆုံသည်။


တွေ့ဆုံစဉ် ဒေသတွင်းတောင်သူ များအတွက် ထွက်နှုန်းမြင့် GW-11 မျိုးစပါး စိုက်ပျိုးနိုင်ရေး၊ ဒေသတွင်း မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်အစားအစာ Ever Green မြက် စိုက်ပျိုးနိုင်ရေး၊ အချိန်တိုအတွင်း ရှင်သန်ဖြစ်ထွန်းနိုင်သည့် သစ်ပင်များစိုက်ပျိုးရေးနှင့် စိုက်ပျိုးမွေးမြူရေးနှင့်စပ်လျဉ်းသည့် အသိပညာပေး နိုင်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်နယ်ဝန်ကြီး ချုပ်ဦးထိန်လင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သူနာပြုနှင့်သားဖွား သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းသား သင်တန်းသူများ စာတွေ့/လက်တွေ့ သင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး သင်တန်းသား သင်တန်းသူများအတွက် စားစရိတ်ထောက်ပံ့ငွေများ ပေးအပ်သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုခါဆိုင်က လုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တွေကမ်းနားပတ်လမ်း (ရှုခင်းသာလမ်း)၊ စာတိုက်လမ်းဆုံမှ စစ်တွေ ဟိုတယ်အထိ အရှည်ပေ ၁၂၉၀၀ လမ်းပိုင်း ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားသည်။


ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေးပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး လုပ်ငန်းကော်မတီအလိုက် တင်ပြသည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ဟင်းသီးဟင်းရွက် မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့တွင် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်သည်။


အခမ်းအနားတွင် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင် စိုက်ပျိုးရေးဦးစီး မှူးများထံ ရုံးပတီ၊ တိုင်ထောင်ပဲ၊ တိုင်လွတ်ပဲ၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ခရမ်းသီး၊ ခရမ်းကြွပ်သီး၊ သခွား၊ ငရုတ်၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ပဲလင်းမြွေနှင့် ပဲစောင်းလျား စသည့် မျိုးစေ့ထုပ် ၅၈၅၀၀ ကို ဖြန့်ခွဲပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment