ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်း စီးဆင်းမှု၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနေမှုအခြေအနေ၊ မြစ်ကမ်းပါး ဝဲ/ ယာ မြေမျက်နှာသွင်ပြင် ဘူမိဗေဒအခြေအနေများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်း စီးဆင်းမှု၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနေမှုအခြေအနေ၊ မြစ်ကမ်းပါး ဝဲ/ ယာ မြေမျက်နှာသွင်ပြင် ဘူမိဗေဒအခြေအနေများ ကြည့်ရှုစစ်ဆေး


MNP ၊ ဇွန် ၂၉

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၏ မြောက်ဘက် ငါးမိုင်ခန့်အကွာရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်း စီးဆင်းမှုအခြေအနေ၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အနည် ပို့ချနှုန်းနှင့် သောင်ထွန်းနေမှု အခြေအနေ၊ မြစ်ကမ်းပါး ဝဲ/ ယာ မြေမျက်နှာသွင်ပြင် ဘူမိဗေဒ အခြေအနေ၊ ရေတားတမံများ အခြေအနေနှင့် ကမ်းပြိုမှုအခြေ အနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့၏ မြောက်ဘက် ငါးမိုင်ခန့်အကွာ ဖောင်ဆိပ်ကျေးရွာနှင့် ကျောက်ရဲကျေးရွာအကြားရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ် နေရာသို့ ရောက်ရှိရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မြစ်ပြင်အကျယ်၊ ရေစီးနှုန်း၊ ရေစီးထုထည်၊ မြစ်ရေအနက်၊ တာတမံများဖို့၍ ထိန်းသိမ်းထားမှု၊ မြစ်ကမ်းများ အခြေအနေနှင့် ပင်လယ်ရေငန်ရောက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ဧရာဝတီမြစ်ဝှမ်း ဆိုင်ရာ အချက်အလက်များ၊ ဟင်္သာတမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေလမ်းကြောင်း၊ ရေမျက်နှာ ပြင် အနိမ့်အမြင့် ကွာခြားချက်၊ ရေအတိမ်အနက်နှင့် ယခင်လေ့လာဆန်းစစ်ခဲ့သော ဧရာဝတီ မြစ်နေရာများနှင့် နှိုင်းယှဉ်လေ့လာတွေ့ရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နေရာ ငါးနေရာတွင် အခြေအနေများကို ကြည့်ရှုခဲ့ပြီးဖြစ်သည့်အတွက် အကြိုစူးစမ်းလေ့လာမှုများ ဆောင်ရွက်ရန် သင့်လျော်သည့်နေရာများတွင် ဧရာဝတီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် သက်ရောက်နိုင် မှုများအပေါ် အခြေခံ၍ အသေးစိတ် စူးစမ်းလေ့လာမှုများကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မြစ်ကြောင်းပြောင်းလဲမှု၊ မြစ်ကမ်းပါး ရေတိုက်စားမှု၊ ရေတားတမံများအပေါ် အကြိုး သက်ရောက်မှုများအပြင် မြစ်အတွင်း သွားလာလျက်ရှိသည့် ရေယာဉ်များ၏ အရွယ်အစား၊ အမျိုးအစား၊ ရေယာဉ်အရေအတွက် စသည့်အချက်အလက်များကိုပါ စဉ်ဆက်မပြတ် လေ့လာသွားရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်လှေဖြင့် ဧရာဝတီမြစ်အတွင်း လှည့်လည်ပြီး ဧရာဝတီမြစ်အတွင်း မြစ်ရေစီးဆင်းနေမှု၊ မြစ်ကြောင်းအတွင်း အနည်ပို့ချနှုန်းနှင့် သောင်ထွန်း နေမှု၊ ရေကြောင်းသွားလာမှု၊ မြစ်ကမ်းပါး ဝဲ/ ယာရှိ ဘူမိဗေဒ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)