Pages

Pages

အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းရွှေဂူကြီးဘုရား ဌာပနာပိတ်ပွဲ မင်္ဂလာအခမ်းအနားနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်




MNP ၊    ဇွန်   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ လပွတ်ကုလားကျေးရွာအုပ်စု၊ ရွှေဂူကြီးကျေးရွာရှိ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းရွှေဂူကြီးဘုရား ဌာပနာပိတ်ပွဲ မင်္ဂလာအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ ဌာပနာပိတ်ပွဲသို့ ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြည်ညို ပူဇော်ခဲ့ကြသည်။


ရှေးဦးစွာ ဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ မြောင်းမြမြို့၊ အလယ်တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော “မေတ္တာသုတ်” ပရိတ်တရားတော်အား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊‌ စေတနာရှင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများ၊ ဘုရားဌာပနာများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ မြောင်းမြမြို့၊ အလယ်တောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် အနုမောဒနာ တရားနာကြား၍ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊‌ စေတနာရှင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများက ဘုရားဌာပနာ​တော်ပစ္စည်းများကို ပင့်ဆောင်ပူဇော်ခဲ့ကြပြီး ဘုရားဌာပနာ​တော်များကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဌာပနာတိုက်အတွင်း စတင်ထည့်သွင်းပူဇော်ခဲ့ကြရာ ဆရာတော် သံဃာတော်အရှင်သူမြတ်များက “ဇယန္တောဗောဓိယာမူလေ” အစရှိသော ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဖတ်ပူ​ဇော်ခဲ့ကြသည်။ ယင်းနောက် ဘုရားဌာပနာများ ထည့်သွင်းပူဇော်ပြီးသောအခါ ဌာပနာပိတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ မင်္ဂလာအခမ်းအနားအား ရုပ်သိမ်းကာ ရတနာ ရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ​မြောင်းမြမြို့နယ်၊ လပွတ်ကုလားကျေးရွာ၊ တောင်သူဦးအောင်ရွှေ၏ ဘဲကောင်ရေ (၄၂၀၀)မွေးမြူထားရှိမှု၊ ဈေးကွက်များသို့ ဘဲဥဖြန့်ဖြူးနေမှု အခြေအနေများနှင့် ဈေးကွက်အတွင်း ရောင်းချရသည့် ဈေးနှုန်းများကို မေးမြန်းခဲ့ရာ တောင်သူဦးအောင်ရွှေက သိလိုသည်များကို ‌ရှင်းလင်းဖြေကြား ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့၊ ရေပြာစမ်းကျေးရွာရှိ အသောက သီတဂူဘေးမဲ့တောရ​ကျောင်းတိုက်ဆရာတော် ဦးဝဏ္ဏောဘာသအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။


ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသောက သီတဂူဘေးမဲ့ တောရကျောင်းဝန်းအတွင်း​ မွေးမြူထားရှိသည့် ​ဒေသနွား​မွေးမြူ​ရေးခြံသို့ သွား​ရောက်ခဲ့ပြီး တိုင်း​ဒေသကြီး​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက နွား​မွေးမြူထားရှိမှု အခြေအ​နေများ၊ နွား​ချေး၊ သစ်ရွက်​ခြောက်၊ ​ကောက်ရိုး၊ အီးအမ်များဖြင့် သဘာဝ​မြေသြဇာ ပြုလုပ်ပြီး စိုက်ပျိုး​ရေးလုပ်ငန်းများတွင် အသုံးပြု​နေမှုအ​ခြေအ​နေများအား လိုက်လံရှင်းလင်း တင်ပြခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အသောကသီတဂူဘေးမဲ့တောရကျောင်း ဝန်းအတွင်း၌ ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၊ တိရစ္ဆာန် အစာပင် စိုက်ပျိုးပွဲနှင့် ကော်ဖီသီးနှံ စိုက်ပျိုးပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကား​ပြောကြားရာတွင် “နိုင်​ငံ​တော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ် ထိန်းသိမ်းနိုင်ရေး၊ စိမ်းလန်းမြေ (Green Space)များ တိုးပွားလာစေရေးတို့အတွက် သစ်ပင်စိုက်ပွဲ​တော်များ ပြုလုပ်စိုက်ပျိုးလျက်ရှိပါ​ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် နှစ်စဥ်နှစ်တိုင်း သစ်​တောစိုက်ခင်းများကို ပိုမိုတိုးချဲ့ ထူ​ထောင်စိုက်ပျိုး​ခဲ့ပါ​ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် နှစ်စဥ်စိုက်ခင်းများကို ဧကငါးထောင်မှ ခြောက်ထောင်အထိ တည်ထောင် စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်း​ဒေသကြီးအတွင်း သစ်ပင်စိုက်ပွဲ​တော်များ၊ ဌာနဆိုင်ရာ အသီးသီးမှ မိုးရာသီစိုက်ပျိုးနိုင်ရန်အတွက် နှစ်စဉ်လူထုဖြန့် ပျိုးပင်ပေါင်း (၁၃)သိန်းမှ (၁၄)သိန်းကျော်အထိ ပျိုးထောင်စိုက်ပျိုးလျက်ရှိပါကြောင်း၊ သစ်ပင် စိုက်ပျိုးခြင်းသည် လွယ်ကူသော်လည်း ရှင်သန်အောင်ပြုစုထိန်းသိမ်းကြရန်လိုပါကြောင်းနှင့် တစ်ပင်စိုက်လျှင် တစ်ပင်ရှင်သန်အောင် ပျိုးပင် (၂)နှစ်သားနှင့် အနည်းဆုံး (၂)​ပေ ရှိသည့် ပျိုးပင်များကို စိုက်ပျိုးကြရမည် ဖြစ်ပါ​ကြောင်း၊ ယခုကဲ့သို့ သစ်ပင်များ စုပေါင်းစိုက်ပျိုး ကြခြင်းအားဖြင့် တိုင်း​ဒေသကြီးအတွင်း စိမ်းလမ်းစိုပြည်လာမည်ဖြစ်ပါ​ကြောင်း၊ သဘာဝ​ဘေးအန္တရာယ်နှင့် ပတ်သက်၍ မိုးဦးကျကာလတွင် ဖြစ်တတ်သည့် မုန်တိုင်းဘေးနှင့် ၎င်းနှင့် ဆက်စပ်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝေးဘေးများ ကြုံတွေ့ရပါကြောင်း၊  သစ်တောသစ်ပင်များ ထိန်းသိမ်းစိုက်ပျိုးနိုင်ပါက သစ်တောဖုံးလွှမ်းမှုများပြားလာပြီး သဘာဝ​ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် ဖြစ်ပေါ်လာသည့် ဘေးဒဏ်များကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်၍ သစ်ပင်များ စိုက်ပျိုးဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း၌ နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် သစ်ပင်များ၊ သစ်​တောများနှင့် ဒီ​ရေ​တောများအား ပြုစုပျိုးထောင်၍ ထိန်းသိမ်း​စောင့်​ရှောက်ကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးဆောင်၍ ဌာနဆိုင်ဆိုင်ရာ​ပေါင်းစုံမှ ဝန်ထမ်းများ၊ ​ဒေသခံများနှင့်အတူ စုပေါင်းသစ်များစိုက်ပျိုးခြင်း၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းနှင့် ကော်ဖီသီးနှံ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာများနှင့် ပြည်သူများ၏ မိုးရာသီသစ်ပင်၊ တိရစ္ဆာန် အစာပင်နှင့် ကော်ဖီသီးနှံ စိုက်ပျိုးခြင်းများကို လှည့်လည်ကြည့်အားပေးခဲ့ကာ ကုမ္ပဏီမှ ပြသထားသည့် ငါး၊ပုစွန်၊ ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ နွား အစာ ဘက်စုံသုံးကြိတ်/ဖြတ်စက်၊ အစာအမှုန့်ကြိတ်စက်၊ အစာ​တောင့်ထုတ်စက်များအား လက်တွေ့ပြသနေမှုများကို ကြည့်ရှုအားပေးခဲ့ကာ ​မွေးမြူ​ရေးခြံသုံး ဆေးဝါးများ​ထောက်ပံ့​ပေးအပ်ခဲ့သည်။


အဆိုပါသစ်ပင်စိုက်ပွဲ​တော်မှ ကျွန်း၊ မ​ဟော်ဂနီ၊ ပျဥ်းကတိုး၊ မန်ဂျန်ရှား၊ အစရှိသည့် အပင်​စုစု​ပေါင်း (၁၄၃၆)ပင်၊ ​ကော်ဖီအပင်စုစု​ပေါင်း (၄၀၀)ပင်နှင့် တိရိစာန်အစာပင်များ စု​ပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


လှမင်းထွဋ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment