Pages

Pages

မအီမြို့ အ- ထ- က (ခွဲ) ဂျီဖြူတောင်တွင် ပညာဒါန အင်္ဂလိပ်စာအခြေခံသင်တန်း ဖွင့်လှစ်မည်



MNP ၊    ဇွန်   ၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အ- ထ- က(ခွဲ)တွင် ကျောင်းသား/ကျောင်းသူများ၏ ပညာရည် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ ပညာဒါနသင်တန်းကို ဖွင့်လှစ်သွားရန် စီစဉ်လျှက်ရှိကြောင်း အဆိုပါ အထက ခွဲ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက သိရသည်။


ဖော်ပြပါ ပညာဒါန အင်္ဂလိပ်စာအခြေခံသင်တန်းတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် အင်္ဂလိပ်စာအခြေခံကို ကျွမ်းကျင်ပိုင်နိုင်စေရန်၊ အင်္ဂလိပ်ဝါကျများကို ကိုယ်တိုင်သိရှိနားလည်၍ ကိုယ်တိုင်ရေးသားတတ်လာစေရန်၊ အတန်းတွင်းဘာသာရပ်သင်ယူမှုများအတွက် အထောက်အပံ့ကောင်းများ ဖြစ်လာစေရန်၊ ရာစုနှစ်ကျွမ်းကျင်မှုစွမ်းရည်များ ရရှိလာစေရန်အတွက် အခြေခံအဆင့် (Elementary) သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း၊ ၎င်းသင်တန်းကို Grade-6 မှ Grade-12 အထိ ကျောင်းသား/ကျောင်းသူများတက်ရောက်နိုင်ပါကြောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက ပြောကြားသည်။


" သင်တန်းကိုတော့ ဇူလိုင်လ(၄)ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာပါ။ သင်တန်းအချိန်ကတော့ တစ်ပတ်မှာ (၃) ရက်စီနှင့် (၃) လ သင်တန်းဖြစ်ပါတယ်။ ကိုယ်တိုင်လုပ် လေ့ကျင့်ခန်းများများဖြင့် သင်ကြားသွားမှာ ဖြစ်တဲ့အတွက် သင်တန်းအချိန်တစ်ခုကို အများဆုံး (၃၀) မိနစ်သာ ကြာပါမယ်။ အိမ်စာများများ လုပ်ရပါမယ်။ သင်တန်းကို အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့  ညနေ (၄:၀၀) နာရီတွင် စတင်သင်ကြားသွားပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို ကျောင်းသား/ကျောင်းသူတွေ ကြိုတင်သိရှိ စာရင်းပေးသွင်းနိုင်ရန်အတွက် ကျွန်တော်တို့ အ- ထ- က (ခွဲ) ဂျီဖြူတောင် facebook page စာမျက်နှာတွင် လွှင့်တင်ဖော်ပြထားပြီး ဖြစ်ပါတယ်။ " ဟု ဦးဇော်ဇော်ထွန်းက ဆက်လက်ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းတစ်ခုလျှင် ကျောင်းသား/ကျောင်းသူ (၃၀) ဦးသာ လက်ခံသင်ကြားသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်လိုပါက အ- ထ- က (ခွဲ) ဂျီဖြူတောင်ကျောင်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါကြောင်း၊ သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများသည် သင်တန်းကို သတ်မှတ်ကာလပြီးဆုံးသည်အထိ တက်ရောက်နိုင်ရမည်။ 


သတ်မှတ်ထားသောအချိန်အတွင်း ပေးထားသောလေ့ကျင့်ခန်း (လုပ်ငန်း) များကို ပြီးဆုံးအောင် လုပ်ဆောင်နိုင်ရမည် ဟူသော အချက်များကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သင်တန်းတွင် အသုံးပြုမည့် စာအုပ်များအတွက် စာအုပ်တန်ဖိုးငွေ (၅၀၀၀ ကျပ်) ကို ပေးသွင်းရမည်ဖြစ်သော်လည်း အ- ထ- က (ခွဲ) ဂျီဖြူတောင်ကျောင်းရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်းများက ပညာဒါနအလှူ‌ငွေအဖြစ် စာအုပ်အချို့၏ တန်ဖိုးများကို လှူဒါန်းထားပါ၍ ငွေကြေးအခက်အခဲရှိသော ကျောင်းသား/ကျောင်းသူများအနေဖြင့် စာအုပ်တန်ဖိုးငွေအား ပေးသွင်းရန် မလိုတော့ကြောင်း အဆိုပါ ကျောင်းအုပ်ဆရာကြီးမှ သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment