ကျောက်ဖြူမြို့တွင် (၃၆) ကြိမ်မြောက် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ် းအမှတ် ကဗျာ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် (၃၆) ကြိမ်မြောက် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ် းအမှတ် ကဗျာ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ







MNP ၊    ဇွန်   ၂၈

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၆)ကြိမ်မြောက် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ မြို့နယ်ပညာရေး မှူးရုံး၊ ကုမုဒြာခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ကျောက်ဖြူခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင် ကအဖွင့်အမှာစကား ပြောကြားရာတွင်  မူးယစ်ဆေးဝါး ပြဿနာသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေနှင့်သာ ရင်ဆိုင် ဖြေရှင်းနေရသည့် ပြဿနာမျိုး မဟုတ်ဘဲ နိုင်ငံတိုင်းသာမက တစ်ကမ္ဘာလုံးပါသက်ဆိုင်ပြီး လူသား မျိုးနွယ်တစ်ရပ်လုံးနှင့် အကျုံးဝင်ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံများအားလုံးကို ခြောက်လှန့်နေတဲ့ လူသားများရဲ့ အန္တရာယ်ဖြစ်ပါကြောင်း၊ လူသားများအားလုံးရဲ့ ဘဝပတ်ဝန်းကျင်မှာ မူးယစ် ဆေးဝါး ကင်းစင်ပပျောက်ပြီး ကျန်းမာပျော်ရွှင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာစေဖို့ ပြည်သူလူထု တစ်ရပ်လုံးက လက်တွဲညီညီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။


ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့ရာ ကျောက်ဖြူခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က ပြည်နယ်အဆင့် ပန်းချီပြိုင်ပွဲ၊ အလယ်တန်းအဆင့်တွင် ပထမဆုရရှိသော Grade-8မှ မောင်အောင်မျိုးဇွဲနှင့် ဒုတိယဆုရရှိသော Grade-9မှ သွင်းထက်ကြယ်စင်တို့အား ဂုဏ်ပြု မှတ်တမ်းလွှာ နှင့်ဂုဏ်ပြုဆုငွေအားလည်းကောင်း၊ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေထွန်းလင်းမှ ပန်းချီပြိုင်ပွဲ၊ အလယ်တန်းအဆင့်တွင် အထူးဆု (၁)ရရှိသူအားလည်းကောင်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ တွင် အထူးဆု(၂)၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ တတိယဆု၊ အထူးဆု(၁)၊ အထူးဆု (၂)နှင့် အထူးဆု (၃) ရရှိသူများအား လည်းကောင်း၊ ပိုးစတာပြိုင်ပွဲတွင် အထက်တန်းအဆင့် တတိယဆု၊ အထူးဆု(၁)နှင့် အထူးဆု (၃) ရရှိသူများအား ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက  အသီးသီး  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အား ချီးမြှင့်ပေးအပ်ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မှထုတ်ဝေ သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ကျောက်ဖြူခရိုင်ရုံး ဝန်ထမ်းများက အခမ်းအနားတက်ရောက်လာကြသူများကို ဖြန့်ဝေပေးကြသည်။


အဆိုပါအခမ်းအနားသို့  ကျောက်ဖြူခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်၊ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း၊ ဒုရဲမှူးကြီး တင့်လွင်စိုး၊ ခရိုင်ဥပဒေအရာရှိ ဦးဝင်းကြည်၊ ခရိုင် ဆရာဝန်ကြီး ဒေါက်တာဦးရဲလွင်မောင်၊ အမှတ်(၄၈)မူးယစ်ရဲတပ်ဖွဲ့စု(ကျောက်ဖြူ)၊ တပ်ဖွဲ့စုမှူး ရဲမှူး သန့်ဇော်၊ ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေး၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာနှင့် ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ဌာနဆိုင်ရာများနှင့် ဆုရရှိသော ကျောင်းသား/သူများ၏ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)