ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ




MNP ၊ ဇွန် ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။


ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ  တိုးချဲ့ရပ်ကွက်ရှိ ဓမ္မိကာရုံပရဟိတဘုန်းတော်ကြီးကျောင်းတိုက်နှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်ရှိ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း များ၌ ဖွင့်လှစ်ထားရှိသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများ သွားရောက် လှူဒါန်းကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးပြီး အစိုးရရပ်ကွက်ရှိ ခရိုင်တရားသူကြီးရုံးအတွင်း၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။


အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ တောင်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆေးခန်း၌မုန်တိုင်း ဒဏ်သင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သွားရောက် ကြည့်ရှုအားပေးပြီး  ရွာမကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအုပ်စု ၆ စုရှိ ကျေးရွာကိုယ်စားလှယ်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့အပြင် သာသနာ့အလင်းရောင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင် ဆရာတော်အားဖူးမြော်ကြည်ညိုပြီး မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းအတွက် ပြန်လည်ပြုပြင် ရန်လိုအပ်သော အမိုး သွပ်များ၊ ဆွမ်းဆန်တော်များ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်း ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းသော နဝကမ္မအလှူတော်ငွေများအား ကျောင်းထိုင်ဆရာတော်များထံ ဆက်ကပ်လှူဒါန်းသည်။


ထို့တူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မင်းဂံရပ်ကွက်နှင့် စက်ရုံစုရပ်ကွက်တို့မှ ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)