Online အန္တရာယ် သတိပြုဖွယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Online အန္တရာယ် သတိပြုဖွယ်

(apk မှ ချေးငွေရယူအသုံးပြုပြီး အလိမ်ခံခဲ့ရသူများ ဖတ်ရှုရန်၊ နောက်ထပ် နောက်ထပ် အလိမ်မခံရစေရန် ဝေယံလူ( ဆိုက်ဘာ) ၏ ဆောင်းပါးကို ဖော်ပြပေးခြင်းဖြစ်ပါသည်။)

 



ဝေယံလူ(ဆိုက်ဘာ)

ယနေ့ကမ္ဘာကြီး၌ ၂၁ ရာစု အစောပိုင်းတွင် ခေတ်မီနည်းပညာများ နေ့စဉ်နှင့်အမျှ တိုးတက်ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံတကာနှင့် အာဆီယံရပ်ဝန်းနိုင်ငံများရှိ ခေတ်မီတိုးတက်နေသော နိုင်ငံများအပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ ကောင်းမွန်လျင်မြန်လွယ်ကူစွာ ဆက်သွယ်နိုင်သည့် အင်တာနက်အသုံးချ Social Media များစွာ ပေါ်ပေါက်လာခဲ့သည်။


ထို Social Media များသည် လူသားအကျိုးပြုစေရေးနှင့် ၎င်းတို့ ငွေကြေးရရှိနိုင်ရေးအတွက် အပြန်အလှန် အကျိုးပြုနိုင်စေရန် ဆောင်ရွက်နေကြသည်။ ထိုသို့သော အများပြည်သူသိရှိနေကြသည့် Social Media များအားအသုံးပြု၍ Online မှတစ်ဆင့် သမ္မာအာဇီဝနည်းဖြင့် စိန်ရွှေရတနာရောင်းဝယ်ခြင်း၊ ဆိုင်ကယ်ရောင်းဝယ်ခြင်း၊ အဝတ်အထည်၊ စားသောက်ကုန်၊ ခေတ်မီလျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ လူသုံးကုန် အစရှိသည်ဖြင့် ရောင်းဝယ်ဖောက်ကားမှုများ ပြုလာ နိုင်ခဲ့ကြသည်။ သို့သော် အချို့သော ဝိသမလောဘသားများအနေဖြင့် ထိုသို့သော ကောင်းရောင်းကောင်းဝယ်ပြု ကြသူများနည်းတူ ဟန်ဆောင်လိမ်ညာသော တစ်ကွက်ချန်နည်းလမ်းများဖြင့် လှည့်ဖြားဆောင်ရွက်ခဲ့ကြသဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများအပြင် ခေတ်မီနိုင်ငံကြီးများပါ ဖြေရှင်းရန် မလွယ်ကူလောက်အောင်ပင် Online လိမ်လည်မှုများ တိုးပွားလာသည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ် မေ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် အာဆီယံအရာရှိကြီး များ အစည်းအ‌ဝေးအရ နိုင်ငံအချို့၏ ဆိုက်ဘာပြစ်မှုများမှာ ဘရူနိုင်းနိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင် ဆိုက်ဘာပြစ်မှု ၃၈၈ မှု၊ ၂၀၂၂ ခုနှစ်တွင် ဆိုက်ဘာပြစ်မှု စုစုပေါင်း ၄၉၆ မှု ဖြစ်ပွားခဲ့သည်။


ဆိုက်ဘာပြစ်မှုများ

ကမ္ဘောဒီးယားနိုင်ငံတွင် ဆိုက်ဘာပြစ်မှုများဆိုင်ရာ တိုင်ကြားချက်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၅၅၇ မှု၊ ၂၀၂၁ ခုနှစ်တွင် ၂၄၇ မှု၊ ၂၀၂၂ ခုနှစ်တွင် ၄၅၄ မှု ဖြစ်ပွားခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ၄၈၅၀ ၊ မလေးရှား နိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စုစုပေါင်း ၁၀၆၆၅၂ မှု ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ Online မှ အသရေဖျက်မှု ၂၄၈၅ မှု၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ Online လိမ်လည်မှု ၅၂၆ မှု ဖြစ်ပွားခဲ့သည်။ စင်ကာပူနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ဆိုက်ဘာမှုခင်းဆိုင်ရာ တိုင်ကြားလာမှု ၃၃၆၉ မှုဖြစ်ပွားခဲ့ပြီး ဆိုက်ဘာ မှုခင်းအများစုသည် Online လိမ်လည် မှုများဖြစ်ပါသည်။ အမှုများ၏ ၉၄ ဒသမ ၂ ရာခိုင်နှုန်းအထိရှိနေပြီး အမေရိကန် ဒေါ်လာ ၅၁၁ ဒသမ ၃ သန်း ငွေကြေး ဆိုင်ရာ လိမ်လည်ခံခဲ့ရသည်။


ဘုံတူညီနေသည့် ဆိုက်ဘာမှုခင်းများ

ထို့ပြင် နိုင်ငံအလိုက် ဖြစ်ပေါ်နေသည့် ဆိုက်ဘာမှုခင်းပြစ်မှုများအနေဖြင့် ဆုချီးမြှင့်မှု အကျိုးခံစားခွင့်ဆိုင်ရာ လိမ်လည်မှုများ၊ Call Center လိမ်လည်မှုများ၊ ငွေစုငွေချေး လိမ်လည်မှုများ၊ Online Banking ဆိုင်ရာ Fake Appli-cation များဖြင့် လိမ်လည်မှုများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ ငွေကြေး လိမ်လည်မှုများ၊ ကုန်သွယ်ရေးလိမ်လည်မှုများ၊ ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများ၊ Facebook Account အတုများဖြင့် Online အရောင်းအဝယ် လိမ်လည်မှုများ၊ Website အသုံးပြု၍ လိမ်လည်မှုများ၊ Online လောင်းကစားများ အစရှိသည် ဖြင့် နိုင်ငံအလိုက် ဖြစ်ပေါ်နေသော ဆိုက်ဘာမှုခင်းပြစ်မှုများမှာ တူညီမှုမရှိနိုင်သော်လည်း ဘုံတူညီနေသည့် ဆိုက်ဘာမှုခင်းများမှာ Online မှတစ်ဆင့် လိမ်လည်လှည့်ဖြားနေသည့် Social Engineering Attack ပင်ဖြစ်ပါသည်။ ၎င်း၏ သ‌ဘောတရားမှာ အများယုံကြည် နိုင်လောက်အောင် တည်ဆောက်ဖွဲ့စည်း ပြင်ဆင်မှုများ ကြိုတင်စီမံထားရှိပြီးမှ ယုံကြည်အောင် အယုံသွင်းနိုင်လောက သည့် အချိန်တွင် ၎င်းတို့၏ Account / Page အား ဖျက်၍ Sim Card လွှင့်ပစ်ပြီး ငွေကြေးရယူသည့် နည်းလမ်းများပင် ဖြစ်သည်။


ထိုသို့သော နည်းလမ်းများအနက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်း ရဲတပ်ဖွဲ့၊ နည်းပညာမှုခင်းဌာနမှ စစ်ဆေးတွေ့ရှိခဲ့သော Online ချေးငွေလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိပညာပေးတင်ပြ လိုပါသည်။ ယင်း Online ချေးငွေလုပ်ငန်း Appli-cation များအား Google Storeတွင် မြန်မာကျပ်ငွေဖြင့် ငွေချေးနိုင်သည့် Application ပေါင်း ၃၅ ခုအထိ စိစစ်တွေ့ရှိရပြီး ထို Application များအား Download ချ၍ ဝင်ရောက်ချေးငှားခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ် များကို တင်ပြသွားမည်ဖြစ်ပါသည်။


Download မဆွဲသင့်သော Appli-cation ၃၅ ခု၏ Logo များအား ပူးတွဲ ဖော်ပြထားပါသည်။ ယခုတင်ပြ နေသည့် Online ချေးငွေလုပ်ငန်းအမည်ခံ Application များသည် Download ဆွဲ၍ ဝင်ရောက်လိုက်သည်နှင့် ချေးလိုသော ငွေပမာဏ၏ ၇၅ ရာခိုင်နှုန်းခန့် ငွေလွှဲပို့ ပါသည်။ သို့သော် ငွေလွှဲမပို့မီ အောက်ပါ အချက် (၇) ချက်အား သဘောတူညီမှု (Access) ပေးရပါမည်။ တရားမဝင် ချေးငွေလုပ်ငန်းများ အသုံးပြုသည့် Application များတွင် Install ပြုလုပ်ရန်အတွက် ပေးရသည့် Permission များ ကြောင့် အသုံးပြုသူအား ထိခိုက်စေနိုင်သည့် အချက်များမှာ-


(က) Camera မှတစ်ဆင့် Appli-cation မှ ပုံများတောင်းခံရာတွင် ပေးနိုင်ရန် ထည့်သွင်းထားခြင်း ဖြစ်သော်လည်း ၎င်းတို့တောင်းခံလာသည့် Camera Permission အား Access ပြုလုပ်မိပါက Deve-loper များမှ အသုံးပြုသူ မသိ ရှိဘဲ ပုံများ၊ ဗီဒီယိုများအား ရယူသွားနိုင်ခြင်း။


( ခ ) Contacts အား Access ပေးလိုက်မိပါက မိမိဖုန်း အတွင်းရှိ Contacts အားလုံးအား De-veloperများက သိရှိပြီး ဆက်သွယ်မှုပြုလုပ်ခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုမှုများပြုလုပ်နိုင်ခြင်း၊ ခြိမ်းခြောက် ငွေညစ်မှုများ ပြုလုပ်နိုင်ခြင်း။


( ဂ ) Location အား Access ပေးလိုက်မိပါက Developer များက အသုံးပြုသူ၏ သွားလာ လှုပ်ရှားနေထိုင်မှု အချက် အလက်အားလုံးအား သိရှိနိုင် ခြင်း၊ မသမာသူများ၏ လုပ်ကြံသတ်ဖြတ်မှု၊ ပြန်ပေး မှု၊ ဓားပြမှု၊ အိမ်ဖောက်ထွင်း ဝင်ရောက်မှုများအထိ ကျူးလွန် လာနိုင်ပါသည်။


(ဃ) Phone Call အား Access ပေးလိုက်မိပါက အသုံးပြုသူ၏ ဖုန်းခေါ်ဆိုမှု အချက်အလက် အားလုံးအား Deve-loper များက သိရှိနိုင်ခြင်း။


( င ) SMS အား Access ပေးလိုက် မိပါက အသုံးပြုသူထံသို့ ဝင်ရောက်လာသည့် Mess- ages အား Developer များ သိရှိနိုင်သဖြင့် အသုံးပြုသူ၏ Social Media နှင့် ပတ်သက် သော အချက်အလက်များ အား ရယူနိုင်ခြင်း။ (ဥပမာ- Google, Facebook, Wave Money, KBZ pay, Verifica-tion Code)


( စ )     Storage အား Access ပေးလိုက်မိပါက အသုံးပြုသူအား Media Access Control ပြုလုပ်နိုင်သဖြင့် အသုံးပြုသူ ဖုန်းအတွင်းမှ ဓာတ်ပုံနှင့် ဗီဒီယိုများအား Developer များက ရယူနိုင်ခြင်း။ Storage အတွင်းရှိ အချက်အလက်များ အား ပြုပြင်ခြင်း၊ Delete ပြုလုပ်မှုများ ဆောင်ရွက်နိုင်ခြင်း။


(ဆ)     Other အနေဖြင့် အသုံးပြုသူ ၏ ID အချက်အလက်များအား Developer များက ကြော်ငြာမှု ပြုလုပ်နိုင်ခြင်း။ Wi-Fi များ၏ ချိတ်ဆက်မှုအား ဖြတ်တောက်နိုင်ခြင်း။


အနီးစပ်ဆုံး ဥပမာအနေဖြင့် မိမိမှငွေပြန်မဆပ်ပါက Contact တွင်ရှိ အဖေ(သို့မဟုတ်)အမေ (သို့မဟုတ်) မိန်းမထံ Sim Card မျိုးစုံဖြင့် ဖုန်းဆက်၍ ပြဿနာရှာခြင်း၊ ညစ်ညမ်းယုတ်ညံ့စွာ ဆဲဆိုခြင်းများ ခံရနိုင်သည့်အပြင် Facebook Account၊ Telegram Account အစရှိသည်တို့နှင့်လည်း ၎င်းတို့၏ အကောင့်အတုများဖြင့် အသရေဖျက်လာနိုင်ပါသည်။ လက်တွေ့ခံရသူ အများအပြား ရှိနေပါသည်။ ထို့ပြင် မိမိတို့မိသားစု၊ ချစ်သူ၊ သမီးရည်းစား ဓာတ်ပုံ/ဗီဒီယိုများ၏ အချက်အလက် များကိုပါ ရရှိသွားနိုင်သည့်အပြင် Black mail (ငွေညှစ်ခြင်း)များ ဖြစ်ပေါ်လာနိုင် ပါသဖြင့် ထိုသို့ ငွေချေးလိမ်လည်မှုပြုနေသည့် ထောင်ချောက် ၃၅ ခုအတွင်း ဝင်ရောက်မှုမရှိစေရေး၊ ဆရာ ဆရာမများ၊ မိဘဆွေမျိုး အကြီးအကဲများ၊ ညီအစ်ကိုမောင်နှမအချင်းချင်း ဆင့်ပွားပညာပေးခြင်းဖြင့် အချင်းချင်းရိုင်းပင်း ကူညီနိုင်ကြပါရန် အသိပေးရေးသား တင်ပြလိုက်ရပါသည်။ ။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)