ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပလတ်စတစ်ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပလတ်စတစ်ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ



MNP ၊    ဇွန်   ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ပတ်သက်သည့် ပလတ်စတစ် ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။ 


အဆိုပါ အသိပညာပေး Talk Show တွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်ဇော်နိုင် က ပလတ်စတစ်ညစ်ညမ်းမှုနှင့်ပတ်သက်၍ “ ၂၀၁၉ ခုနှစ်တွင် အဏ္ဏဝါပင်လယ်ပြင်အတွင်း ပလတ်စတစ်အမှိုက်ရောက်ရှိမှုမှာ ကမ္ဘာ့နိုင်ငံများအနက် မြန်မာနိုင်ငံသည် အဆင့်(၃၀)တွင်ရှိကြောင်းကို Meijer er al.(2021)အရ သိရှိရပြီး ၂၀၂၁ ခုနှစ်တွင် United Nations Environment Programme (UNEP)မှ ထုတ်ပြန်သည့် From Pollution to Solution အစီရင်ခံစာအရ အဏ္ဏဝါအမှိုက်သရိုက် များ၏ ၈၅%မှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများဖြစ်ကြောင်း၊ ပလတ်စတစ်ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် စွန့်ပစ်မှုများ ကို မပြောင်းလဲပါက ရေနေဂေဟာစနစ်အတွင်းသို့ ပလတ်စတစ်အမှိုက်ဝင်ရောက်မှု ပမာဏသည် တစ်နှစ်လျှင် တန်ချိန် ၁၉ သန်းမှ ၂၃ သန်းအထိ ဝင်ရောက်နေပြီး ၂၀၄၀ ပြည့်နှစ်ရောက်ပါက သုံးဆနီးပါး တိုးလာနိုင်သည်ကို ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်၏ ဖော်ပြချက်အရ သိရှိရပါကြောင်း ” စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ယာယီနေ့စား ဒေါ်အေးအေးမြင့်က ပလတ်စတစ်ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်၍ “ ပလတ်စတစ်ညစ်ညမ်းမှုသည် လူမှုရေး၊စီးပွားရေးကိုလည်း ထိခိုက်စေပြီး ခရီးသွားလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းနှင့် ရေလုပ်ငန်းတို့ကို သက်ရောက်မှုဖြစ်စေသည့်အပြင် ကာဗွန်စုပ်ယူမှုကိုပါ ထိခိုက်စေသည့် အတွက် ရာသီဥတုပြောင်းလဲမှုကိုလည်းဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ယင်းပလတ်စတစ်အမှိုက်များကို မီးရှို့ခြင်း ကြောင့် လေထုညစ်ညမ်းမှုကိုဖြစ်စေပြီး ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်း များကြောင့် ကျန်းမာရေးထိခိုက်စေနိုင်သည့်အပြင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် သေးငယ်သောမိုက်ခရို ပလတ်စတစ်များအဖြစ် ပြိုကွဲသွားပြီး အစာကွင်းဆက်ထဲရောက်ရှိနိုင်သဖြင့် အဏ္ဏဝါသက်ရှိများနှင့် လူသားများ ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါကြောင်း၊ ယခုအခါ အာဆီယံဒေသများတွင် နိုင်ငံအလိုက် အဏ္ဏဝါအမှိုက် သရိုက်လျှော့ချရေးဆိုင်ရာ နိုင်ငံအဆင့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊ အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာများချမှတ်ပြီး ဖြေရှင်းဆောင်ရွက်ရန် အရေးတကြီး လိုအပ်လျှက်ရှိသဖြင့် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံဒေသအတွင်း အဏ္ဏဝါ အမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းနှင့် အာဆီယံမူဘောင် အတိုင်း Regional Action Plan ပါ လုပ်ငန်းအစီအစဉ်များကို အခြားအာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း  ” စသည်ဖြင့် ဆွေးနွေးပြောကြားသည်။


အဆိုပါ ပလတ်စတစ်ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်နိုင်ရန် ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ အဏ္ဏဝါအမှိုက်သရိုက်လျှော့ချရေးအတွက် တစ်ခါသုံးပလတ်စတစ်အသုံးပြုခြင်းကို လူတစ်ဦးချင်းစီ အလိုက် လျှော့ချခြင်း၊ ပြန်လည်သုံးစွဲခြင်းနှင့် ပြန်လည်ပြုပြင်သုံးစွဲခြင်း၊ မြစ်ချောင်းများနှင့် ကမ်းခြေများတွင် ပလတ်စတစ်ပစ္စည်းများ ကောက်ယူသိမ်းဆည်းခြင်း၊ ပလတ်စတစ် အစားထိုးပစ္စည်းများကို သုံးစွဲခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဟောပြောပွဲများပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Talk Show များ ပြုလုပ်ခြင်း၊ စုပေါင်းအမှိုက်ကောက်ပွဲများ ကျင်းပခြင်း၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း ဆောင်ရွက်ခြင်းများကို အရှိန်အဟုန်မြှင့်တင် စဉ်ဆက်မပြတ် လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)