ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ဖိတ်ခေါ်ရန် "Welcome Russia" program in Myanmar အစီအစဉ်ကို ဆက်စပ်ဝန်ကြီးဌာနများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ဖိတ်ခေါ်ရန် "Welcome Russia" program in Myanmar အစီအစဉ်ကို ဆက်စပ်ဝန်ကြီးဌာနများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ



MNP ၊ ဇွန် ၂၇

ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ခရီးသွားများ လာရောက်လည်ပတ်မှုတိုးမြှင့်လာရေး၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍအလားအလာများကို ရုရှားခရီးသွား အော်ပရေတာများနှင့် ခရီးသွားများသို့ မိတ်ဆက်ပြသနိုင်ရေး၊ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေရေးနှင့် ရုရှားခရီးသွားများကို ဆွဲဆောင်နိုင်ရေးတို့အတွက် ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ရုရှားဖက် ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကဦးဆောင်၍ ရုရှားခရီးသွားဧည့်သည်များ အတွက် အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များ ရှာဖွေခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် အွန်လိုင်းမှတက်ရောက်သည်။


အဆိုပါဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် နှစ်နိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၊ RC- investments တို့မှ တာဝန်ရှိသူများ၊ မြန်မာ- ရုရှား ချစ်ကြည်ရေးအသင်း ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) နှင့် အူရယ်လ်လေကြောင်းလိုင်းမှ (URAL Airline) မှ တာဝန်ရှိသူများတက်ရောက်ကြသည်။


ဆွေးနွေးပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးမစ္စတာ မက်ဇင်ရီရှတ်လ်နီကော့ဗ်က ဗီဒီယိုမက်ဆေ့ချ်ဖြင့် အမှာစကား ပြောကြားသည်။


ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ဖိတ်ခေါ်ရန် "Welcome Russia" program in Myanmar အစီအစဉ်ကို ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်းနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံမှ ခရီးသွားအေဂျင်စီများ၊ သတင်းမီဒီယာများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများပါဝင်သော ရင်းနှီးကျွမ်းဝင်သည့် ခရီးစဉ် (Familiarization Trip-FAM)ကို  စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း။


နိုင်ငံတကာခရီးသွားဧည့်သည် ရောက်ရှိမှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ၀ ဒသမ ၂၃၃ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ရုရှားခရီးသွား ဧည့်သည်များလည်း ပါဝင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလအထိ ဝင်ရောက်မှုအနေဖြင့် ၄ သိန်းကျော်ရှိနေပြီး တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ အမေရိကန်၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်ဝမ်တို့မှ အများဆုံးဝင်ရောက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အလျင်အမြန် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးမဟာဗျူဟာကို ပြည်တွင်း ခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းဟူ၍ အပိုင်း (၂) ပိုင်း၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပုဂ္ဂလိကကဏ္ဍဟူသော အဆင့် (၃) ဆင့်ဖြင့် အကောင်အထည်ဖော် လျက်ရှိကြောင်း ပြောကြားသည်။


ဆက်လက်၍ ရုရှားဘာသာဖြင့်ဖော်ပြထားသော မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်း ပါဝင်သော ဗီဒီယိုဖိုင်ကိုပြသပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၏ဥက္ကဋ္ဌတို့က ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် ခရီးစဉ်ဒေသများအကြောင်း၊ tour package အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူးက "Welcome Russia" program in Myanmar အစီအစဉ်ကို ရှင်းလင်းတင်ပြပြီး နှစ်နိုင်ငံမှ တက်ရောက်လာကြ သူများက လေကြောင်းလိုင်းပြေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)