မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ ကောက်စိုက်စက် တွဲဖက်သုံး(10 Rows) Seeder မျိုးစေ့ချကိရိယာဖြင့် စပါးမျိုးစေ့များကို အစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြပွဲသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ ကောက်စိုက်စက် တွဲဖက်သုံး(10 Rows) Seeder မျိုးစေ့ချကိရိယာဖြင့် စပါးမျိုးစေ့များကို အစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြပွဲသို့တက်ရောက်





MNP ၊ ဇူလိုင် ၂၇      

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စနစ်ကျစိုက်ပျိုးနိုင်စေရန်နှင့် သွင်းအားစု စိုက်ပျိုးရေးစရိတ် ကုန်ကျမှုသက်သာစေရန်ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် အမှတ်(၄၆) စက်မှုလယ်ယာဦးစီးဌာနမှကြီးမှူးကာ ကောက်စိုက်စက် တွဲဖက်သုံး (10 Rows)Seeder မျိုးစေ့ချကိရိယာဖြင့် စပါးမျိုးစေ့များကို အစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကံသာကြီး ကျေးရွာ ကွင်းအမှတ်(၉၁၀)တောင်သူ ဦးကြည်ဝင်း၏ မိုးစပါးစိုက်လယ်မြေ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ ကွင်းအမှတ် (၉၁၀)တောင်သူ ဦးကြည်ဝင်း၏ မိုးစပါးစိုက်လယ်မြေတွင် ကောက်စိုက်စက် တွဲဖက်သုံး (10 Rows) Seeder မျိုးစေ့ချကိရိယာဖြင့် စပါးမျိုးစေ့များကို အစေ့ချလက်တွေ့ဆောင်ရွက်နေမှုကို   ကြည့်ရှုအား ပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူကြီးများ အနေဖြင့် လယ်ယာသုံး စက်ကိရိယာများရဲ့ အသုံးဝင်ပုံနှင့် အကျိုးရှိပုံတွေကိုသိရှိပြီး အသုံးပြုလာခြင်းဖြင့် စက်မှုလယ်ယာကူးပြောင်းရေးကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်မှာ ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါလယ်မြေ ယာယီရှင်းလင်းဆောင်တွင် တက်ရောက်လာသော ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်ပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်  လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က စပါးစိုက်ပျိုးတဲ့နေရာမှာ သမားရိုးကျ လူ၊ ကျွဲ၊ နွားတွေနဲ့ လုပ်ကိုင်ခဲ့ကြရတဲ့အတွက် အချိန်ကုန်ခြင်း၊ လုပ်သားအင်အား အများအပြားသုံးစွဲရခြင်း၊ ကုန်ကျစရိတ်ကြီးမားခြင်း၊ လုပ်သား ရှားပါးခြင်းကြောင့် အချိန်မီ မစိုက်ပျိုးနိုင်ခြင်းတွေ ရှိခဲ့ကြောင်း၊ ယခုအခါ ရာသီချိန်မီစိုက်ပျိုးနိုင်ရန်နှင့် ပက်ကျဲစနစ် ပပျောက်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှာရှိတဲ့  စက်မှုလယ်ယာဦးစီးဌာနကနေ စပါးမျိုး ကောင်းမျိုးသန့်များ ပျိုးထောင်ပြီး ကောက်စိုက်စက်များဖြင့် စိုက်ပျိုးပေးနေသလို ထွန်စက် ကြီးတွေ၊ ကောက်စိုက်စက်တွေနဲ့ တွဲဖက်ပြီး အသုံးပြုလို့ရတဲ့ (Seeder) မျိုးစေ့ချကိရိယာတွေ (Multi- Crop Seeder)ဘက်စုံသုံးမျိုးစေ့ချကိရိယာတွေနဲ့ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးပေးနေပါ ကြောင်း၊ ဒီလိုစိုက်ပျိုးခြင်းဖြင့် အကျိုးကျေးဇူးတွေက အပင်ကြား အတန်းကြား အကွာအဝေး ညီညာစွာ စိုက်ပျိုးထားခြင်းကြောင့် ကောက်ကွက်ဝင်ဆံ့မှု တိကျမှန်ကန်ပြီး ကြားပေါင်း လိုက်ရန်လွယ်ကူခြင်း၊ လေဝင်လေထွက် ကောင်းမွန်၍ သီးနှံဖြစ်ထွန်းမှု ပိုမိုကောင်းစေပြီး သီးနှံအထွက်နှုန်းတိုးစေခြင်း၊ ကုန်ကျစရိတ်သက်သာစွာဖြင့် ရာသီချိန်မီ စိုက်ပျိုးနိုင်ခြင်းနဲ့  စိုက်ပျိုးချိန် ကောက်စိုက်သမရှားပါးမှု အခက်အခဲကို ဖြေရှင်းနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို  တောင်သူဦးကြီးများ လက်တွေ့ခံစားလာရတော့မှာဖြစ်ပါကြောင်း၊ ဒေသနဲ့ကိုက်ညီတဲ့ လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူလိုပါက ဌာနအစီအစဉ်ဖြင့်လည်းကောင်း၊ ကုမ္ပဏီများနှင့် ချိတ်ဆက်ပေး၍သော်လည်းကောင်း ရောင်းချပေးလျက်ရှိပြီး တောင်သူများအနေဖြင့် စက်မှု လယ်ယာစခန်းများဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း၊ ယခုလို ကောက်စိုက်စက်များ အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် တောင်သူများ၏ သွင်းအားစု စိုက်ပျိုးစရိတ် ကုန်ကျမှုများ သက်သာ စေမှာဖြစ်ပြီး၊ စိုက်နည်းစနစ် မှန်ကန်၍ အထွက်နှုန်းများ တိုးတက်ကောင်းမွန် စေမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်ပြီးစက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုး ခြင်းနှင့် ကောက်စိုက်စက် တွဲဖက်သုံး(10 Rows) Seeder မျိုးစေ့ချကိရိယာတို့၏ အသုံးပြုပုံများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာသူ တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်ချက် တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့နယ် ရွာသစ်ကလေးနှင့် စက်မှု(၁)ကြား မြောင်းဘောင်လမ်းဆုံသို့ရောက်ရှိပြီး ဖူးပွင့်မျိုးကောင်း မျိုးသန့်မျိုးစေ့ ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် တောင်သူများနှင့်တွေ့ဆုံရာ ဖူးပွင့်(မျိုးသန့်) သမဝါယမအသင်း ဥက္ကဋ္ဌက  လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် တောင်သူများက သမဝါယမအသင်းပိုင် ဧက(၂၆၁.၉၉) ဧကအတွက် ဆည်ရေရရှိမှု အခက်အခဲနှင့် မဲဇလီရေလွှဲဆည် တောင်မုန်းမြောင်းမကြီးမှတစ်ဆင့် ကုလာဟောင်းမြောင်းသို့ ရေသွယ်ယူနိုင်ရန်အတွက် ယခင်ဖောက်လုပ်ပြီးဖြစ်သော မြောင်းဟောင်းအား ပြုပြင်ပေးနိုင်ရေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင် ရာဌာန တိုင်းဒေသကြီးဦးစီးမှုးများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)