မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး



MNP ၊ ဇူလိုင် ၂

အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ထိခိုက်စေသည့် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သကဲ့သို့ နိုင်ငံဖြတ်ကျော်မှုခင်းများကို ဖြစ်ပေါ်စေသည့်အပြင် နိုင်ငံတိုင်း၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေးဖြစ်စဉ်များကိုထိခိုက်စေသဖြင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိနေသော မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၉ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့ရှိ ရှေ့နေချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်နှင့် ရှေ့နေချုပ် Mr. Igor Krasnov တို့က နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို “အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ကောင်းမွန်သည့် အလေ့အထများ၊ အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်းကျင်းပရန်၊ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် သွားရောက်ခြင်း၊ ဥပဒေရေးရာကိစ္စရပ်များတွင် အကြံဉာဏ်ပေးခြင်း၊ အဂတိ လိုက်စားမှု ကျူးလွန်ရာမှ ရရှိသည့် ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်ရယူရေးတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ပူးပေါင်းဖွင့်လှစ်ရန်၊ မျိုးဆက်သစ်လူငယ်များအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေး အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်” ရည်ရွယ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ ရှေ့နေချုပ် Mr. Igor Krasnov နှင့် သံအမတ်ကြီး ဦးလွင်ဦးတို့ တက်ရောက်ကြသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် Mr. Igor Krasnov နှင့် သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက် မှု အစီအမံများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က “ယခုနှစ် ၂၀၂၃ ခုနှစ်သည်ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် (၇၅) နှစ်ပြည့်မြောက်သည့် စိန်ရတုနှစ်ဖြစ်သဖြင့် ထူးခြားသည့်နှစ်တစ်နှစ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ထူးကဲသည့်ကာလတွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံး တို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး မှတ်တိုင်တစ်ခု ထူထောင်နိုင်ခြင်းပင်ဖြစ်သဖြင့် ဂုဏ်ယူမိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေကိုခေတ်စနစ်နှင့်အညီ ပြင်ဆင်နိုင်ရေး ပြန်လည်ဆောင်ရွက်လျက်ရှိသဖြင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ရှေ့နေချုပ်ရုံး၏ အကြံဉာဏ်ကိုရယူ ဆောင်ရွက်လိုကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးလိုကြောင်း၊ ကော်မရှင်အနေဖြင့် ပြည်ထောင်စုဝန်ကြီး ဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့များ (Corruption Prevention Units – CPUs) ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့များသို့ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဆိုပါအဖွဲ့များကို တာဝန်ယူဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင် ပေးနိုင်ရေး ရှေ့နေချုပ်ရုံး၏ အကူအညီဖြင့်ဆောင် ရွက်လိုကြောင်း၊ ကော်မရှင်က လုပ်ဆောင်နေသည့် ကျောင်းသားလူငယ် အသိပညာပေး အစီအစဉ်များ၊ လူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး အစီအစဉ်များတွင်လည်း နည်းပညာအကူအညီများကို ရယူလိုကြောင်း” ဆွေးနွေးခဲ့သည်။

ရှေ့နေချုပ် Mr. Igor Krasnov က ပြန်လည် ဆွေးနွေးရာတွင် “ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေ ချုပ်ရုံးအနေဖြင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်မှုအတွက် များစွာဂုဏ်ယူမိကြောင်း၊ ရှေ့နေချုပ်ရုံးအနေဖြင့်လည်း မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ အဂတိလိုက်စားမှုကို လုံးဝသည်းခံခွင့်လွှတ်ခြင်းမပြုသည့် ယဉ်ကျေးမှုတစ်ရပ်ပေါ်ထွန်းလာစေရေးအတွက် လူငယ်ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးလုပ်ငန်းများက အရေးကြီးကြောင်း၊ ထို့ကြောင့် ရှေ့နေချုပ်ရုံးက ဆောင်ရွက်လျက်ရှိသည့် International Youth Social Anti-Corruption Advertising Competition “Together Against Corruption” တွင် အကဲဖြတ်ဒိုင်လူကြီးအဖြစ် ကူညီ ဆောင်ရွက်ပေးရန် ဖိတ်ခေါ်လိုကြောင်း၊ ပုဂ္ဂလိက ကဏ္ဍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် လွန်စွာအရေးကြီးသဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိကျင်းပပြုလုပ်မည့် “8th Eastern Eco-nomic Forum” တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး နှင့် ပုဂ္ဂလိကကဏ္ဍစီးပွားရေးလုပ်ငန်းများ၏ ဆက်စပ်မှုကို ဆွေးနွေးသွားရန်ရှိသဖြင့် ကော်မရှင်ဥက္ကဋ္ဌကို ပါဝင်တက်ရောက်ဆွေးနွေးပေးပါရန် ဖိတ်ခေါ်လိုကြောင်း၊ မြန်မာနိုင်ငံမှကျောင်းသားလူငယ်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ဖိတ်ခေါ်၍ ဖြောင့်မတ် တည်ကြည်မှု မြှင့်တင်ရေးအတွက် လိုအပ်သည့် အသိပညာ၊ ဗဟုသုတများကို မိမိတို့ဘက်က သင်ကြားပေးလိုကြောင်းနှင့် အခြားလိုအပ်သည်များ ကိုလည်း ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၃၀ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ University of Prosecutor’s Office သို့ ရောက်ရှိကာ တက္ကသိုလ်တွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ သင်ကြားပို့ချပေးခြင်းဆောင်ရွက်နေမှုများကို လေ့လာခဲ့ပြီး ပါမောက္ခချုပ် Mr. MATSKEVICH Igor Mikhailovach နှင့် သီးခြားတွေ့ဆုံခဲ့သည်။ ထိုကဲ့သို့တွေ့ဆုံရာတွင် ကော်မရှင်ဥက္ကဋ္ဌက “မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပညာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးအစီအစဉ်များ၊ ကျောင်းသားလူငယ် ပညာ ပေးအစီအစဉ်များနှင့် Edu-tainment အစီအစဉ်များကို ကျောင်းသားလူငယ်များအကြား အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် University of Prosecutor’s Office of the Russian Federation တက္ကသိုလ်နှင့်ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် နည်းပညာ အထောက်အကူပြု သင်တန်းများပံ့ပိုးပေးစေလို ကြောင်း ဆွေးနွေးခဲ့ရာ ပါမောက္ခချုပ် Mr. MATSKEVICH Igor Mikhailovach က ၎င်းတို့အနေဖြင့်လည်း မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ နည်းပညာသင်တန်းများပံ့ပိုးဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများကို အောင်မြင်စွာဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ယနေ့ပြန်လည်ရောက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)