MNP ၊ ဇူလိုင် ၁၄
တရုတ်နိုင်ငံ၊ ကွေ့လင်းမြို့၌ ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် ကွေ့လင်းမြို့ Grand Bravo Hotel ၌ ကျင်းပသည့် တရုတ်-အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ တက်ရောက်သည်။
နိုင်ငံတကာဖိုရမ်တွင် ကွမ်ရှိးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ကွန်ကရက် ဒုတိယဥက္ကဋ္ဌ၊ UNDP တရုတ်၏ ဒုတိယဌာနေကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့မှ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များက အမှာစကား ပြောကြားကြသည်။
ထို့နောက် ကျွမ်းကျင်ပညာရှင်များက Sustainable Development ဆိုင်ရာ ကဏ္ဍများကို ဆွေးနွေးကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကွေ့လင်းမြို့တော်ဝန် လီချုက အာဆီယံနိုင်ငံများမှ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဝန်ကြီးများနှင့် ကိုယ်စားလှယ်တော်ကြီးများကို တည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့တက်ရောက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကွေ့လင်းမြို့ရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကိုတွေ့ဆုံ၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လီမြစ်အတိုင်း ကွေ့လင်းမှ ရန်ရှို့သို့ သင်္ဘောဖြင့် သွားရောက်၍ တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက် ထားရှိမှုနှင့်ကမ္ဘာလှည့်ခရီးသွားမြို့ဖြစ်သည့် ကွေ့လင်းမြို့၏ ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
#MyanmarNationalPost
No comments:
Post a Comment