ပရိယတ္တိသာသနဟိတအသင်း၏ (၁၁၇) ကြိမ်မြောက်နယုန်လ သီးခြားစာသင်တန်း/စာချတန်း စာအောင်လက်မှတ် ဆက်ကပ်ပူဇော် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပရိယတ္တိသာသနဟိတအသင်း၏ (၁၁၇) ကြိမ်မြောက်နယုန်လ သီးခြားစာသင်တန်း/စာချတန်း စာအောင်လက်မှတ် ဆက်ကပ်ပူဇော်

93

94


MNP ၊ ဇူလိုင် ၂၅      

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ပရိယတ္တိသာသနဟိတအသင်း၏ ၁၃၈၅-ခုနှစ်၊(၁၁၇) ကြိမ်မြောက် နယုန်လ ရဟန်းတော်များသီးခြားစာသင်တန်း/စာချတန်း စာအောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါအသင်း စိန်ရတုခန်းမဆောင် အပေါ်ထပ်တွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ကြားဖြတ်အစီအစဉ်အဖြစ် အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းမှုကို အသင်းဥက္ကဋ္ဌ ဦးသိန်းထွန်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ  ပြန်လည်ပေးအပ်သည်။


ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကာ သံဃာ တော်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များအား နာယူကြည်ညို​ကြသည်။ ၎င်းနောက် ဦးသိန်းထွန်းနှင့် အလုပ်အမှုဆောင်များက ပင့်ဖိတ်ထားသည့် ဆရာတော်ကြီးများကို သင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး စာချ စာသင်အောင်မြင်တော်မူခဲ့သော သာသနာ့အာဇာနည် အရှင်မြတ်များကို သင်းမလူကြီးများမှ ခန်းမအတွင်းသို့ တပြိုင်တည်းပင့်ဆောင်၍ သင်းမလူကြီး ဦးနေဝင်း(ကာရက)က ဇယင်္ဂလာအောင်ဂါထာတော်ဖြင့် ပူဇော်ကာ စာသင်တန်းအောင် ဦးဥတ္တရာလင်္ကာရ၊ ဦးဇဝနာလင်္ကာရနှင့် ဦးကောဏ္ဍညာလင်္ကာရတို့ကို ၎င်းတို့၏ ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရာဘိဝံသက စာထောက်/စာမ မေးမြန်းခြင်း ပြုလုပ်တော်မူသည်။


ဆက်လက်၍ စာအောင် အရှင်သူမြတ်များကို သာသနာတော်ကြီး အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲစေရန် ရည်သန်၍ အတ္တ၊ ပရနှစ်ဝအကျိုးငှာ ရှေ့အဖို့၌လည်း ပရိယတ် ပဋိပတ်လုပ်ငန်းများကို ဆက်လက်အားထုတ်နေထိုင်ကြရန် မဟာထေရ်ကြီးတို့ ကိုယ်စားပြု၍ အဝေရာ ရာမ ရန်ကင်းကျောင်း ဆရာတော် ဘဒ္ဒန္တ သြဒါတသိရီဘိဝံသက သြဝါဒပေးတော်မူခဲ့ပြီး ရေစက်ချတရား ချီးမြှင့်သည်။


ယင်းနောက်  ဦးသိန်းထွန်းက  အသင်းကြီးမှ ကျင်းပပြုလုပ်သည့် စာလျှောက်မေးစမ်း(၃)ခုနှင့် ပတ်သက်သည်များနှင့် ကုသိုလ်ကောင်းမှု အစုစုတို့ကို လျှောက်ထားတင်ပြခဲ့ပြီး တာဝန်ရှိသူများက အတ္ထုပ္ပတ္တိများကို ဖတ်ကြား၍ ဦးသိန်းထွန်းနှင့် အလုပ်အမှုဆောင်များက ဘွဲ့ပုံတော်လက်မှတ်များကို စာအောင်သံဃာတော်များ လက်တော်အရောက် ဆက်ကပ်လှူဒါန်းကာ ဗုဒ္ဓသာသန စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းသည်။


ထို့နောက် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်၍ ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး အလှူရှင်များ၏ လှူဖွယ်ပစ္စည်းအစုံ ပဒေသာပင်များအား စာရေးတံမဲနှိုက်ကာ စာအောင်သံဃာတော်များကို အလှူရှင်များက ရေစက်ချလှူဒါန်းကြသည်။


အဆိုပါ အခမ်းအနားသို့ အသင်းသြဝါဒါစရိယဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ၏ ဆရာတော်များ၊ စာအောင်သံဃာတော်များ၊ အသင်းဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဒုဥက္ကဋ္ဌ ဒေါက်တာကိုကိုအေး၊ အတွင်းရေးမှူး ဦးဇော်ဇော်တို့နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ သင်းမလူကြီးများ၊ ကာရကလူကြီးများ၊ အလှူရှင်များ၊ စာအောင်သံဃာတော်များ၏ မိဘဆွေမျိုးများနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်သည်။


(၁၁၇) ကြိမ်မြောက်နယုန်လ သီးခြားစာသင်တန်း/စာချတန်း စာမေးပွဲတွင် စာချတန်း၌ ၅၁ ပါး ဖြေဆိုတော်မူခဲ့ပြီး ၄ ပါး အောင်မြင်၍ စာသင်တန်းတွင် ၁၈၅ ပါး ဖြေဆိုကာ ၂၀ ပါး အောင်မြင်သဖြင့် ပရိယတ္တိ စာမေးပွဲများအနက် အလွန်ခက်ခဲနက်နဲသည့် စာမေးပွဲတစ်ခုဖြစ်ကြောင်း သိရသည်။


ထိပ်ထားနိုင်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages