နှစ်သောင်းတန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည် မဟုတ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်သောင်းတန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည် မဟုတ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


MNP ၊ ဇူလိုင် ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုတွင် နိုင်ငံတော်၏ရငွေပိုင်းနှင့် ပတ်သက်၍ သာမန်ရငွေများ၊ ချေးငွေနှင့် ထောက်ပံ့ငွေများဟူ၍ ၃ ပိုင်းရှိ ကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်ပြီးနောက်ပိုင်း ချေးငွေများ လုံးဝချေးယူခြင်းမရှိကြောင်း၊ ပြည်ပထောက်ပံ့ငွေအနေဖြင့်လည်း ၂၀၂၂ ခုနှစ်နှောင်းပိုင်း ရောက်မှသာ အနည်းငယ် ရရှိခဲ့သဖြင့် အချို့လုပ်ငန်းများကိုဆောင်ရွက်နိုင်ခဲ့ကြောင်း။

အဆိုပါအချက်များကိုကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းဘဏ္ဍာငွေနှင့် စီးပွားရေးသည် ပြည်တွင်းအင်အားအပေါ်၌သာ လုံးဝတည်မှီလျက်ရှိသည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊ ယခင်ကလည်း ပြည်တွင်းအားကို အဓိကထား၍သာ နိုင်ငံစီးပွား တိုးတက်ရေးကို ဆောင်ရွက်ခဲ့ကြရကြောင်း၊ ယင်းတွင် ကုန်ထုတ်လုပ်မှုများနှင့် သယံဇာတများ ရောင်းချခြင်းတို့ပါကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် သယံဇာတရောင်းချ ခြင်းကို အတတ်နိုင်ဆုံးထိန်းထားကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များအားကွင်းဆင်းဆောင်ရွက်ပေးမှု၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ရာဘာသီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့်ပတ်သက်၍လည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စပါးခွံဓာတ်ငွေ့လောင်စာသုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများအဆင့်မြှင့်တင်ရေးဆောင်ရွက်နေမှုနှင့် ပတ်သက်၍လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကုန်သွယ် မှုဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သီတာဦး က စီးပွားရေးဆိုင်ရာစာချုပ်စာတမ်း များကို ဥပဒေပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်များနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။

စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အသစ်ထုတ်ပြန်လိုက်သည့် နှစ်သောင်းတန်ငွေစက္ကူထုတ်လုပ်ခြင်းနှင့်ပတ်သက် ၍ အကန့်အသတ်ဖြင့်သာထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေ လိုအပ်ချက်မရှိသကဲ့သို့ နိုင်ငံအတွင်းလည်ပတ်သုံးစွဲငွေများ မျှတစွာဖြင့်ရှိနေကြောင်း၊ အဆိုပါနှစ်သောင်းတန် ထုတ်လုပ်ခြင်းသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံအတွင်းငွေကြေး လည်ပတ်မှုအနေဖြင့် ပုံမှန်အခြေ အနေသို့ပြန်လည် ရောက်ရှိနေပြီဖြစ်ပြီး ဘဏ်များ၌ငွေကြေးအပ်နှံမှုများ များစွာရှိကြောင်း၊ ယခုကဲ့သို့ နှစ်သောင်းတန် ငွေစက္ကူထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း၊ စီးပွားရေးအရ ကမောက်ကမ ဖြစ်စေရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ကြောင်း၊ အစိုးရ၏ စီးပွားရေးလုပ်ငန်းများသည် အမြတ်အစွန်းထက် တိုင်းပြည်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန်ဖြစ်ကြောင်း၊ အရှုံးပေါ်နေခြင်းလည်း မဖြစ်သင့်ကြောင်း၊ မိမိတို့ စီးပွားရေးရာကော်မတီ သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရေးကြီးသည့် ကဏ္ဍတွင်ရှိပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် အာရုံစိုက်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသွားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)