ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တပ်မတော်တစ်ရပ်လုံးအနေဖြင့် စုစုပေါင်းသစ်ပင် ၂၂၇,၂၀၂ ပင် စုပေါင်း စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တပ်မတော်တစ်ရပ်လုံးအနေဖြင့် စုစုပေါင်းသစ်ပင် ၂၂၇,၂၀၂ ပင် စုပေါင်း စိုက်ပျိုး










MNP ၊ ဇူလိုင် ၁၄

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။


ယနေ့တွင် ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ၏ ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိ ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာကြသည့် အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဇနီးနှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။


ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၁,၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃,၅၂၈ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေး အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၇ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၈၈,၀၅၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။


အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ် ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၉,၅၀၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၁,၃၁၀ ပင်၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်၌ ၂၁,၂၅၈ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၁,၄၄၅ ပင်၊ အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်၌ ၂၁,၉၉၉ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၄,၃၂၂ ပင်၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်၌ ၁၃,၂၇၃ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၂,၉၆၄ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၇,၂၈၆ ပင်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်၌ ၇,၁၉၅ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၅,၉၆၂ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ၈,၇၁၃ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၃၅,၂၄၇ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၃,၂၀၀ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၂၇,၂၀၂ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)