Pages

Pages

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး စစ်တွေမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


MNP ၊ ဇူလိုင် ၁

စစ်တွေမြို့သို့ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ကဏန်းပျော့မွေးမြူရေး၊ တစ်ပိုင်တစ်နိုင် နို့စားနွားမွေးမြူရေးနှင့် စစ်တွေမျိုးသန့်ခြံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင် ကျေးရွာအနီးရှိ Advanced Seafood Industries Co.,Ltd. ၏ ကဏန်းပျော့မွေးမြူထုတ်လုပ်ရေးသို့ ရောက်ရှိပြီး ကဏန်းပျော့ မွေးမြူရေးကန်များ၊ ကဏန်းမွေးဖောင်များ၊ ကဏန်းအစာကျွေးခြင်းနှင့် ကဏန်းပျော့ကောက်ခြင်း၊ ကဏန်းရေချိုဆေး သန့်စင်ခြင်း၊ အေးခဲခြင်း၊ သိုလှောင်ခြင်းနှင့် ပြည်ပသို့တင်ပို့ရောင်းချရန် ထုပ်ပိုးပြင်ဆင်ခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ကဏန်းပျော့မွေးမြူခြင်းမှ နိုင်ငံ့ဝင်ငွေများရှာဖွေပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးအနေဖြင့် ကဏန်း ပျော့ ၃၃၀၅ ဒသမ ၇၈၈ မက်ထရစ်တန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄၃၉ သန်း ရှာဖွေပေးနိုင်ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နာရီကန်ကျေးရွာရှိ တစ်ပိုင်တစ်နိုင် နို့စားနွားမွေးမြူ ရေးခြံသို့ရောက်ရှိပြီး နွားမွေးမြူသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တိရစ္ဆာန်ဆေးဝါးများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန (မျိုးစေ့ဌာနခွဲ) စစ်တွေမျိုးသန့်ခြံသို့ ရောက်ရှိပြီး အုန်းပင်များပျိုးထောင်နေမှု၊ ဟင်းသီးဟင်းရွက်မျိုးစေ့များထုတ်လုပ်ရန် ပြင်ဆင်နေမှုနှင့် ပေါ်ဆန်းရင်၊ ဆင်းသွယ်လတ်နှင့် ဆင်းသုခမျိုးစပါးများ မျိုးစေ့ထုတ်ရန် ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ပျိုးရေးဆောင်ရွက်နိုင်ရန် မှာကြားသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အဆိုပါစိုက်ပျိုး ရေးခြံအတွင်း မုန်တိုင်းဒဏ်ခံပျိုးပင်အဖြစ် စိုက်ပျိုးနိုင်ရန် အုန်းပင်ပျိုးပေါက် ၁၃၀၀၀ ပျိုးထောင်ထားရှိပြီး စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment