ဒေသနှင့်ကိုက်ညီပြီး မုန်တိုင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရည်ရှိသော မြို့ပြတည်ဆောက်မှုကို ထိခိုက်မှုမရှိစေမည့် သစ်ပင်များကို ရှင်သန်ကြီးထွားအောင် စိုက်ပျိုးကြရန် ပြည်ထောင်စုဝန်ကြီး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသနှင့်ကိုက်ညီပြီး မုန်တိုင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရည်ရှိသော မြို့ပြတည်ဆောက်မှုကို ထိခိုက်မှုမရှိစေမည့် သစ်ပင်များကို ရှင်သန်ကြီးထွားအောင် စိုက်ပျိုးကြရန် ပြည်ထောင်စုဝန်ကြီး မှာကြား


MNP ၊  ဇူလိုင်  ၃

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် သယံဇာတနှင့် သဘာဝ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရခိုင်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ့သစ်လုပ်ငန်း အထွေထွေမန်နေဂျာက ရခိုင်ပြည်နယ်သို့ သစ်များရောက်ရှိမှု၊  ခွဲစိတ်နေမှုနှင့် ဖြန့်ခွဲပေးနေမှု၊  မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် သစ်ခွဲသားများ ဖြန့်ဖြူးပေး လျက်ရှိသည့်အခြေအနေနှင့် စစ်တွေမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်  ပေးနေမှုများကိုလည်းကောင်း၊ ပြည်နယ်သစ်တောဦးစီးဌာနမှူးက ရခိုင်ပြည်နယ်အတွင်းသစ်တောနှင့် ဒီရေတောများတည်ရှိမှု၊ ဖုံးလွှမ်းမှုနှင့် ပျက်စီးဆုံးရှုံးမှု၊ သစ်တောနယ်မြေနှင့် သဘာဝနယ်မြေများ ဖွဲ့စည်းထားရှိမှု၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းမှု၊ အရိပ်ရလေကာပင်များနှင့် သစ်တောစိုက်ခင်းများ စိုက်ပျိုးပြီးစီးမှုနှင့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ပြည်နယ်ဦးစီးဌာနမှူးရုံး အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက် ပြီးစီးမှုများကိုလည်းကောင်း၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် သစ်ပင်များနေရာတွင် အစားထိုးစိုက်ပျိုးနိုင်ရေး လေ့လာဆန်းစစ်မှု၊ စိုက်ပျိုးမည့်သစ်ပင်များ  ရွေးချယ်ခြင်းနှင့် စစ်တွေမြို့၌ သစ်ပင်များနှင့် ဒီရေတောများ ပြန်လည်စိုက်ပျိုးသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဦးထွန်းအုံက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မိုးရာသီကာလ ပြန်လည်  စိုက်ပျိုးမည့် သစ်ပင် ၂၀၄၂၀၀ ကို အထူးတာဝန်တစ်ရပ်အနေဖြင့် ရှင်သန်အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း သစ်တောဖုံးလွှမ်းမှု ကျဆင်းနေသဖြင့် သစ်တော၊ သစ်ပင်နှင့် ဒီရေတောများကို ထိန်းသိမ်းကာကွယ်သွားကြရမည်ဖြစ်ပြီး ထပ်မံစိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ မုန်တိုင်းကြောင့် ပြိုလဲပျက်စီးခဲ့သည့် သစ်ပင်မျိုးများကို လေ့လာဆန်းစစ်ချက် အစီရင်ခံစာအရ ဒေသနှင့်ကိုက်ညီပြီး မုန်တိုင်း တိုက်ခတ်မှုဒဏ်ခံနိုင်ရည်ရှိသော မြို့ပြတည်ဆောက်မှုကို ထိခိုက်မှုမရှိစေမည့် သစ်ပင်များကို ရှင်သန်ကြီးထွားအောင် စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးအလေးထား ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းရှိ အမှတ်(၂) သစ်စက်၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲဝင်းအတွင်းရှိ အမှတ်(၃) သစ်စက်နှင့် ကုန်တန်းရပ်ကွက်ရှိ အမှတ်(၁) သစ်စက်သို့ရောက်ရှိပြီး သစ်များခွဲစိတ်နေမှု၊ သစ်များစုပုံထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေကမ်းခြေတစ်လျှောက် ဒီရေတောများ စိုက်ပျိုးမည့်နေရာကို ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများသည် နန္ဒဝန်ရုက္ခဗေဒဥယျာဉ် ယာယီရှင်းလင်းဆောင်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက မုန်တိုင်းလွန်ကာလ သစ်ပင်များစိုက်ပျိုးထားရှိမှု၊ မုန်တိုင်းကြောင့်ပြိုလဲပျက်စီးခဲ့သည့် သစ်ပင်များကို မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် သစ်ထုတ်နိုင်ရေး စီမံဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း ပေါက်ရောက်သည့် သစ်အုပ်စုအမျိုးအစားအလိုက်  ဥယျာဉ်အင်္ဂါရပ်နှင့်အညီ  စိုက်ပျိုးသွားနိုင်ရေးနှင့် အများပြည်သူအပန်းဖြေနိုင်ရေးအတွက် ဥယျာဉ်ကို မူလထက် ပိုမိုကောင်းမွန်အောင် စနစ်တကျအလျင်အမြန် ပြန်လည်တည်ဆောက်သွားနိုင်ရေး  မှာကြားပြီး ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များက လူအင်အား၊ စက်ယန္တရားအင်အားဖြင့် ဥယျာဉ်အတွင်း ပြိုလဲသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းနေမှုကို ကြည့်ရှုအားပေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန  အရာထမ်း အမှုထမ်းများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်လုပ်ငန်းဆောင်ရွက်မှုများနှင့် မိုခါမုန်တိုင်းတိုက်ခတ်မှုအတွက်   ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှုများ၊ ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည် ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း  သိရသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)