ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း နိုင်ငံတော်ဓာတ်အားစနစ်သို့ စတင်ထုတ်လုပ်ပို့လွှတ်ခြင်းနှင့် မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေး ဆောင်ရွက်ချက်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း နိုင်ငံတော်ဓာတ်အားစနစ်သို့ စတင်ထုတ်လုပ်ပို့လွှတ်ခြင်းနှင့် မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရေး ဆောင်ရွက်ချက်များ





လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍမှ အငြိမ်းစားအင်ဂျင်နီယာများ

၂၀၂၃ ခုနှစ် မေလအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင် သဘာဝဘေးအန္တရာယ်ဒဏ် ကြုံတွေ့ခံစားခဲ့ရသည်ကို အားလုံးသိရှိကြပြီးဖြစ်ပါသည်။ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် အထူးပင် ကိုယ်ချင်းစာစိတ်မကောင်းဖြစ်မိပါသည်။

နိုင်ငံတော်အနေဖြင့်လည်း မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် မြေပြင်သို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်ကိုလည်း ကျေနပ်အားရ ဖွယ် တွေ့မြင်ကြားသိနေရပါသည်။ နိုင်ငံတော်နှင့်အတူ စေတနာရှင် ပြည်သူများ၏ ပူးပေါင်းပါဝင်လှူဒါန်းမှုများကလည်း မုန်တိုင်းသင့် ဒေသရှိ ပြည်သူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဝမ်းမြောက်ကျေနပ်ဖွယ် ဖြစ်ပါသည်။

မုန်တိုင်းသင့်ဒေသများရှိ ပြည်သူလူထုများ၏ နေ့စဉ်လူနေမှုဘဝတွင် အဓိကအခြေခံ လိုအပ်ချက်တစ်ခုဖြစ်သော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက လျှပ်စစ်ဝန်ထမ်းအင်အား ၁၁၀၀ ကျော်ခန့်ကို စေလွှတ်ကာ အားသွန်ခွန်စိုက် ကြိုးပမ်းပြုပြင်ခဲ့ကြသည့်အတွက် ၇-၆-၂၀၂၃ ရက်နေ့တွင် လျှပ်စစ်ဓာတ်အားများ ပြန်လည်ဖြန့်ဖြူးပေး နိုင်ခဲ့ရာ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ရပ်ကွက်များသို့ လျှပ်စစ် ဓာတ်အား ၁၀၀ ရာခိုင်နှုန်း ပြန်လည်ဖြန့်ဖြူးပေးနေပြီ ဖြစ်ကြောင်းကို လည်း ဝမ်းမြောက်ဖွယ်သိရှိရပါသည်။ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် ပြတ်တောက်ခဲ့ရသော မိုဘိုင်းဆက်သွယ်ရေးကွန်ရက် များကိုလည်း ပြန်လည်ချိတ်ဆက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူများ၏ သေဆုံးထိခိုက်ပျက်စီးဆုံးရှုံးမှု သတင်းများကြောင့် ဝမ်းနည်းစိတ် မကောင်းဖြစ်နေရချိန်တွင် မုန်တိုင်းဒဏ်သင့်ပြည်သူများ၏ ပြန်လည် ထူထောင်ရေးအပေါ် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်မည့်အပြင် ရခိုင်ပြည်နယ်အတွက် သာမက မြန်မာနိုင်ငံအတွက် မင်္ဂလာ ရှိသည့် သတင်းကောင်းတစ်ခုကိုလည်း ကြားသိခဲ့ရပါသည်။


ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ နိုင်ငံတော်ဓာတ်အားစနစ်သို့ စတင်ထုတ်လုပ်ပို့လွှတ်ခြင်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့တွင် စီးပွားဖြစ်စတင်လည်ပတ်ခြင်း (Combined Cycle Commercial Operation)ကို မူလလျာထားသတ်မှတ်ချက်ထက် ပိုမိုဆောလျင်စွာ စတင်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်နေပြီဖြစ်ကြောင်း သိရပါသည်။ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်များ မှ ၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် အပြင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံလည်ပတ်မှု (Combined Cycle Gas Turbine Operation)မှ မူလထက် ၄၅ မဂ္ဂါဝပ် သီးသန့်ပိုမိုရရှိစေသဖြင့် မူလ ၉၀ မဂ္ဂါဝပ်အတွက် အသုံးပြုသည့် ဓာတ်ငွေ့ပမာဏဖြင့်ပင် ၁၃၅ မဂ္ဂါဝပ် ထုတ်လုပ်လျက်ရှိပါသည်။ ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ၁၄၇ မဂ္ဂါဝပ်အထိ ထုတ်လုပ်ရန် အသင့်ဖြစ်နေပြီဖြစ်၍ Gas ပိုမိုရရှိသည်နှင့် လက်ရှိထုတ်လုပ်မှု ၁၃၅ မဂ္ဂါဝပ်ထက် ၁၂ မဂ္ဂါဝပ် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရပါသည်။ ဂျာမနီနိုင်ငံမှ ထုတ်လုပ်သော နောက်ဆုံးပေါ် စွမ်းအားမြင့် Gas Turbine များကို အသုံးပြုထားသဖြင့် Heat Rate အထူးကောင်းမွန်ပြီး သဘာဝဓာတ်ငွေ့သုံးစွဲမှုနှုန်း (Gas Consumption) များစွာ လျော့နည်းသဖြင့် ဓာတ်အားခဈေးနှုန်း အထူးသက်သာစေပြီး Gas Engine များ ငှားရမ်းသုံးစွဲရသဖြင့် ကုန်ကျသော ဓာတ်အားခဈေးနှုန်းထက် များစွာလျော့နည်းသဖြင့် နိုင်ငံတော်အတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ ၂၅ သန်းခန့် သက်သာစေမည့် ဓာတ်အားပေးစက်ရုံလည်း ဖြစ်ပါသည်။


ကိုဗစ်-၁၉ အကျပ်အတည်းများကြားမှ အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် စီမံကိန်းကာလ

ယခုကဲ့သို့ ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ စီးပွားဖြစ်လည်ပတ်မှု အောင်မြင်စွာ စတင်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာလ စီမံကိန်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် အခက်အခဲ၊ အကျပ်အတည်းများနှင့် စီမံကိန်းကုမ္ပဏီမှ ရင်ဆိုင်ကျော်လွှား ဆောင်ရွက်ခဲ့မှုများကို ပြန်လည်ကြားသိခဲ့ရပါ သည်။ ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုစီမံကိန်းကို ကမ္ဘာ့အကြီးဆုံးကုမ္ပဏီအဆင့် ၁၀၇ ဖြစ်သည့် Powerchina Resources Ltd (Powerchina Group)က အစုရှယ်ယာ ၇၅ ရာခိုင်နှုန်းနှင့် မြန်မာတိုင်းရင်းသားပိုင် ၃၁ နှစ် သက်တမ်းရှိသည့် နည်းပညာဦးဆောင်မှုကုမ္ပဏီက အစုရှယ်ယာ ၂၅ ရာခိုင်နှုန်း ထည့်ဝင်ထားသည့် Kyauk Phyu Electric Power Co., Ltd က တည်ဆောက်၊ ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ချိန်သည် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်သဖြင့် အခက်အခဲများ ကြုံတွေ့ရပြီးပုံမှန်ထက် ပိုမိုအားစိုက်ဆောင်ရွက်ခဲ့ရပါသည်။ ကိုဗစ်ကာလအတွင်း မှာပင် လုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန်မပျက်စေရန် ကိုဗစ်ကာလ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ထပ်ဆောင်းကုန်ကျစရိတ်များ ကျခံရခြင်း၊ ဥရောပစက်ပစ္စည်းများ အပါအဝင် ကမ္ဘာ့ဈေးကွက်အသီးသီးမှ ဝယ်ယူရသည့်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်း၊ ကိုဗစ်ကာလ Logistics Cost မြင့်တက်လာခြင်း စသည့်အခြေအနေများကြောင့် EPC Cost များ ပိုမိုကုန်ကျ ခဲ့ပြီး မူလသတ်မှတ်ထားသော ရင်းနှီးမြှုပ်နှံမှုပမာဏထက်များစွာပိုမို ကုန်ကျခဲ့၍ အမေရိကန်ဒေါ်လာသန်း ၂၀၀ ခန့်ဖြင့် ရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

Kyauk Phyu Electric Power Co., Ltd အနေဖြင့် ရင်းနှီးမြှုပ်နှံမှု စရိတ်များ မျှော်မှန်းသည်ထက် များစွာပိုမိုလာသော်လည်း မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ၏ ပထမဦးဆုံး သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ (CCGT Power Plant)ကို တည်ဆောက်နိုင်ခြင်း၊ ဓာတ်အားပေးစက်အနေဖြင့်လည်း နိုင်ငံတကာတွင် အလုံး ၃၀၀ ကျော် တပ်ဆင်အသုံးပြုပြီးဖြစ်သည့် ကမ်းရိုးတန်းဒေသများအတွက် အထူးဒီဇိုင်းထုတ်လုပ်ထားသော ဥရောပစက်ပစ္စည်းများ အသုံးပြုထားသဖြင့် အရည်အသွေးပိုင်းဆိုင်ရာ ယုံကြည်စိတ်ချရမှုအပြည့်ရှိခြင်း စသည်တို့ကြောင့် နိုင်ငံတော်အတွက် အထူးအကျိုးရှိသည့် စီမံကိန်းတစ်ခုကို ဆောင်ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။

စီမံကိန်းလုပ်ငန်းများ စတင်ချိန်မှ ပြီးမြောက်သည်အထိ နားရက် မရှိဘဲ နိုင်ငံခြားသားအင်ဂျင်နီယာ ၂၀၀ ကျော်၊ မြန်မာနိုင်ငံသားအင်ဂျင် နီယာနှင့် အခြားဝန်ထမ်း ၃၀၀ ကျော် စုစုပေါင်း ဝန်ထမ်းအင်အား ၅၀၀ ကျော်ဖြင့် နေ့ဆိုင်း၊ ညဆိုင်းခွဲကာ အဆက်မပြတ် ဆောင်ရွက်ခဲ့ခြင်းနှင့် ကုမ္ပဏီက အကျိုးအမြတ် တစ်ခုတည်းကို အဓိကမကြည့်ဘဲ သတ်မှတ်ကာလအမီ စီမံကိန်းပြီးမြောက်အောင်မြင်ရေး ရင်းနှီးမြှုပ်နှံ မှုစရိတ်များ ထပ်တိုးကျခံ၍ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ခြင်း၏ အကျိုးရလဒ်ကို စတင်ခံစားနေရပြီ ဖြစ်ပါသည်။ စီမံကိန်း သတ်မှတ် ကာလထက် ဆောလျင်စွာ ပြီးစီးသည့် ထူးခြားကောင်းမွန်သည့် မှတ်တမ်းကောင်းလည်း ရရှိသွားပြီဖြစ်ပါသည်။


မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်ရေး ကြိုးပမ်းနေမှုများ

လျှပ်စစ်စွမ်းအင်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားလုံခြုံ ရေးတို့တွင် မရှိမဖြစ်လိုအပ်သည့် ကဏ္ဍဖြစ်သဖြင့် နိုင်ငံတော်အတွက် အရေးကြီးဆုံးကဏ္ဍတစ်ခုအဖြစ် နိုင်ငံတော်က အထူးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ မကြာသေးမီက ရခိုင်ပြည်နယ်အတွင်း လေအားလျှပ်စစ်စီမံကိန်းများ (၃၆၀ မဂ္ဂါဝပ်) ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoA) လက်မှတ်ရေးထိုးပြီးလုပ်ငန်းများ စတင်ဆောင်ရွက်ရန် စီစဉ်နေခြင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင်ကုမ္ပဏီနှင့်လည်း လေအားလျှပ်စစ်စီမံကိန်းသုံးခု ဆောင်ရွက်ရန် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ နားလည်မှုစာချွန်လွှာ (MoU)များ လက်မှတ်ရေးထိုးပြီး စီမံကိန်းအကောင်အထည်ဖော်ရန် စီစဉ်နေခြင်းသည် ကောင်းမွန်သည့်အရွေ့တစ်ခု ဖြစ်ပါသည်။

နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ တည်ဆောက်၍ စီးပွားဖြစ်စတင်လည်ပတ်နေသည့် သတင်းများကိုလည်း ယခုနှစ်အတွင်း ခပ်စိပ်စိပ် ကြားသိနေရပါသည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများ ဆောင်ရွက်နေသကဲ့သို့ လာအို-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် ဓာတ်အားကုန်သွယ်မှု၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားကုန်သွယ်မှုတို့ကိုလည်း ဆောင်ရွက်နေသဖြင့် မိမိတို့နိုင်ငံ၏ လတ်တလော လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို သွယ်ယူဖြည့်ဆည်းနိုင်ပြီး နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ပိုလျှံချိန်တွင် ၎င်းနိုင်ငံများသို့ ပြန်လည်ရောင်းချ၍ အာဆီယံဓာတ်အားကွန်ရက်နှင့် ချိတ်ဆက်နိုင်မည့် အခြေခံအဆောက် အအုံများကို အဆင်သင့်ဖြစ်စေရန် စီမံဆောင်ရွက်နေကြောင်း ကျေနပ်အားရဖွယ် တွေ့ရှိရပါသည်။


ဓာတ်အားစနစ်၏ အခြေခံဝန်(Base Load)ကို ဖြည့်ဆည်းပေးရန် အတွက် LNG to Power စီမံကိန်းများ၊ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုများ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါ သည်။ LNG to Power အတွက် LNG စာချုပ်ချုပ်ဆိုရာတွင် ကမ္ဘာသုံးစနစ် (Brent နှင့် Henry Hub) ဈေးကွက်များနှင့်ချိတ်ဆက်ပြီး နှစ်ရှည်စာချုပ်များအား သတ်မှတ်လုပ်ထုံးလုပ်နည်းပုံစံဖြင့် ချုပ်ဆို မည်ဆိုပါက အတက်အကျနည်းပြီး ခိုင်မာသင့်လျော်သည့် LNG ဈေးနှုန်း ဖြစ်၍ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၈ ဆင့်မှ ၁၁ ဆင့်အတွင်း (ရေနံစိမ်းဈေး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၀~၁၀၀ ကြား) သာ ကျသင့်သဖြင့် အထူးသင့်လျော်သည့် နှုန်းထား ဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံအများစုမှ သုံးစွဲလျက်ရှိပါသည်။ ပြည်ပမှ တင်သွင်းသည့် ကျောက်မီးသွေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စရိတ်သည် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၁၅ ဆင့် မှ ၂၀ ဆင့်အတွင်း ကျသင့်သည်ဖြစ်၍ ပြည်တွင်းရှိ ကျောက်မီးသွေးဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါသည်။


လျှပ်စစ်ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၏ သဘောသဘာဝ

ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုသည် အမြတ် အနည်းဆုံး လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ပြီး EIRR 10 ~12% သာ ရှိပါ သည်။ ဓာတ်အားဝယ်ယူသူ (Off-taker) များသည် နိုင်ငံအစိုးရများ သာဖြစ်သောကြောင့် ခိုင်မာပြီး အာမခံမှုမြင့်မားသဖြင့်သာ ဤကဲ့သို့ အမြတ်အစွန်းနည်းပါးသည့် လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်ကြောင်း သိရပါသည်။ အရင်းကျေကာလသည် ၈ နှစ်မှ ၁၁ နှစ် အတွင်းရှိကြသဖြင့် ဘဏ္ဍာငွေပေးချေမှုဆိုင်ရာစံနှုန်းများကို နိုင်ငံတကာ ဘဏ်များနှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၊ အာမခံကုမ္ပဏီများက အတည်ပြုတာဝန်ယူနိုင်မှသာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြပါသည်။ အရင်းကျေကာလ ကြာမြင့်သောကြောင့် ဘဏ္ဍာငွေပေးချေမှုဆိုင်ရာ စံနှုန်းတွင်ရရှိမည့် လျှပ်စစ်ဓာတ်အားခဈေးနှုန်း၊ ပေးချေသည့် ငွေကြေးအမျိုးအစား၊ စက်လည်ပတ်ခွင့်ကာလ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ အရင်းကျေ ကာလစသည့် အဓိကဘဏ္ဍာရေးဆိုင်ရာ မူဝါဒအချက်အလက်များ ခိုင်မာမှုအရ တာဝန်ယူအာမခံပေးကြခြင်းဖြစ်ပြီး ၎င်းအဓိက ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒအချက်အလက်များ ပြောင်းလဲသွားပါက အရင်းကျေ ကာလသည် ၁၅ နှစ် ~ နှစ် ၂၀ သို့ ပြောင်းလဲသွားနိုင်ပြီး စီမံကိန်းတစ်ခုလုံးမှ အမြတ်မရခြင်း၊ အရှုံးပင်ပေါ်နိုင်ခြင်းများ ကြုံတွေ့ရနိုင်ပါသည်။


လျှပ်စစ်ကဏ္ဍအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေကြရသည့် အခြေအနေ

လျှပ်စစ်ကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုကြီးမားကာ အမြတ်နည်းပြီး နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရအာမခံ ကုမ္ပဏီများမှ အာမခံမှုပေးမှသာ ဆောင်ရွက်နိုင်သည့် လုပ်ငန်းကဏ္ဍ ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် Bankable ဖြစ်သည့် စာချုပ်စာတမ်းများ၊ အစိုးရ၏အာမခံမှုများကို ထိရောက်စွာပေးပြီး ရင်းနှီးမြှုပ်နှံသူများအတွက် တာဝန်ယူပေးကြပါသည်။ ယခုကာလ တွင် လျှပ်စစ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စသည့်အိမ်နီးချင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများကို အထူးမက်လုံးများပေး၍ ဖိတ်ခေါ်နေကြောင်း သိရပါသည်။ မြန်မာနိုင်ငံအတွက်လည်း လိုအပ်မှုအရှိဆုံးဖြစ်သည့် လျှပ်စစ်ကဏ္ဍတွင် အခြားနိုင်ငံများနှင့်အပြိုင် ဆွဲဆောင်ဖိတ်ခေါ် ရမည်ဖြစ်သဖြင့် လျှပ်စစ်ကဏ္ဍ၏ အခွင့်အလမ်းနှင့် အခြေအနေအရ မိမိတို့အတွက် လိုအပ်နေသည့် အချိန်ကာလတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် ကမ္ဘာ့အဆင့်ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံကို အာမခံချက်ရှိသည့် ဦးစားပေးဈေးကွက်အဖြစ် လက်ခံသတ်မှတ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်နေမည်ဟုလည်း ယုံကြည်ပါသည်။

လျှပ်စစ်ကဏ္ဍသည် ယခုရေတွင်းတူး၊ ယခုရေကြည်သောက် ဆောင်ရွက်၍မရသည့် ကဏ္ဍဖြစ်ပြီး အဓိကကဏ္ဍကြီးလေးခုဖြစ်သည့် ဓာတ်အားထုတ်လုပ်မှု (Power Generation)၊ ဓာတ်အားသွယ်တန်းမှု (Power Transmission)၊ ဓာတ်အားစနစ်စီမံကွပ်ကဲမှု (Power System)နှင့် ဓာတ်အားဖြန့်ဖြူးမှု (Power Distribution) တို့ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရန် အရေးကြီးသဖြင့် လျှပ်စစ်ဓာတ်အားရရှိ သုံးစွဲနိုင်ရန်အတွက် စီမံကိန်းအမျိုးအစားအပေါ်မူတည်၍ အနည်းဆုံး ၃ နှစ်မှ ၁၀ နှစ်ခန့်အထိ အချိန်ယူဆောင်ရွက်ရလေ့ရှိပါသည်။


မြန်မာနိုင်ငံတစ်ဝန်းလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိ သုံးစွဲနိုင်ရန်အတွက် ကမ္ဘာ့ဘဏ်အဖွဲ့၏ တွက်ချက်ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ကြောင်း သိရပါသည်။ ထိုသို့နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်သည့်ကဏ္ဍ ဖြစ်သော်လည်း နိုင်ငံတော်အစိုးရက အထူးဦးစားပေးကဏ္ဍအဖြစ် ဆောင်ရွက်နေပြီး ကမ္ဘာ့အဆင့်ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေကောင်းများကို ဖန်တီးဖော်ဆောင် ပေးနေသဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍသည် အချိန်ကာလတစ်ခုအတွင်း အဆင်ပြေအောင်မြင်သွားမည်ဟု ယုံကြည်ပါသည်။ ။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)