MNP ၊ ဇူလိုင် ၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာတွင် ၂၀၂၂- ခုနှစ်၊ မေလက စတင်တည်ဆောက်ခဲ့သည့် စက္ခုဒါန မျက်စိဆေးရုံမှာ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဆေးရုံကို ဆောက်လုပ်နေသည့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီတာလွင်က သိရသည်။
စက္ခုဒါန မျက်စိဆေးရုံကို ရတနာမာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇)ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် ဒေသခံပြည်သူ မျက်စိဝေဒနာရှင်များ ဝေးလံသည့်အရပ်ဒေသသို့ သွားရောက်ကုသစရာ မလိုတော့ဘဲ မိမိဒေသ၌ ကုန်ကျစရိတ်သက်သာစွာ ကုသစေနိုင်ရေးအတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မျက်စိဆေးရုံမှာ (RCC)အုတ်ညှပ် အမျိုးအစား ၃ ထပ်အဆောက်အဦဖြစ်ပြီး အလျား ၉၇ ပေ၊ အနံ ၄၅ ပေဖြစ်ကြောင်း၊ ပြူတင်းတံခါးမှန်များတပ်ဆင်ခြင်း၊ ကြွေပြားခင်းခြင်း၊ မျက်နှာကျက်တပ်ဆင်ခြင်း၊ မီးလိုင်းများ တပ်ဆင်ခြင်း ဆေးသုတ်ခြင်း စသည့် အချောကိုင်(Decoration) လုပ်ငန်းများမှာ ပြီးစီးနေပြီဖြစ်ကြောင်း၊ လက်ရှိဆောင်ရွက်နေတဲ့ ဝရန်တာ(လက်ရမ်း)များ တပ်ဆင်ပြီးပါက ဆေးရုံဆောက်လုပ်မှုလုပ်ငန်းမှာ ၉၀ ရာခိုင်းနှုန်းကျော် ပြီးစီးနေပြီလို့ ပြောရမှာ ဖြစ်ပါကြောင်း ဒေါ်သီတာလွင်က ပြောကြားသည်။
ဖော်ပြပါ စက္ခုဒါန မျက်စိဆေးရုံ တည်ဆောက်မှုလုပ်ငန်းများကို မြောက်ဦးဆရာတော်ကြီး၏ သားတပည့် မအီမြို့မှ ဦးကျော်တင် + ဒေါ်မိုးမိုးနွယ် မိသားစုတို့က တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးရုံအတွက် လိုအပ်သည့်ပစ္စည်းများကို ပြည်ပမှ မှာယူထားရှိပြီး ဖြစ်ကြောင်းနှင့် ဆေးရုံဖွင့်ပွဲကို မိုးလေကင်းလွတ်သည့် သီတင်းကျွတ်အပြီး ယခုနှစ် အောက်တိုဘာလကုန်ပိုင်းလောက်တွင် ဖွင့်လှစ်နိုင်လိမ့်မည်ဟု ခန့်မှန်းရပါကြောင်း ဦးကျော်တင်က ပြောကြားခဲ့သည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment