ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး



MNP ၊ ဇူလိုင် ၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင်  မန္တလေးမြို့ ကုတင် (၅၅၀) ဆံ့ ကလေးအထူးကုဆေးရုံ တိုးချဲ့လူနာဆောင် (၈) ထပ်အဆောက်အဦနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မန္တလေးဘဏ်ခွဲ ဆောက် လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်၌ တာဝန်ခံအင်ဂျင်နီယာများက အဆောက်အဦ ဒီဇိုင်းပုံစံ တွက်ချက်ရေးဆွဲထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက်ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ်အပိုင်းလိုက် လုပ်ငန်းဆောင် ရွက်ထားရှိမှုနှင့် လုပ်ငန်းအရည်အသွေးစစ်ဆေး‌ခြင်း ဆောင်ရွက်နေမှုအခြေအနေတို့ကို တင်ပြကြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် လက်ရာသေသပ်ကောင်းမွန်ရေးကို ဦးစားပေးရန်၊ ကလေးဆေးရုံ တည်ဆောက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလိုသော လိုအပ်ချက်များကို ဆေးရုံ အဆောက်အဦဆိုင်ရာ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ပေးရန်၊ ဗဟိုဘဏ်အဆင့် သတ်မှတ်ချက်များ၊ လိုအပ်ချက်များအပြင် လုံခြုံရေးစနစ်ကောင်းမွန်စေရေး ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ချိန်အတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် ၁၀ ခုရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအားမန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် ညွှန်ကြားရေးမှူး (မြို့ပြ) နှင့် တာဝန်ခံအင်ဂျင်နီယာများက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက် သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်သော လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏အဓိကတာဝန်မှာ ပြည်သူများ သွားလာရေးနှင့် နေထိုင်ရေးအဆင်ပြေစေရန် လမ်းပန်းဆက်သွယ်ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစား ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများညီညွတ်မျှတစွာနေထိုင်ကြစေရေး တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးအပိုင်း) ရှိ လမ်းနှင့်တံတား အခြေအနေများကို စစ်ဆေးရာ မိုင်တိုင်အမှတ် (၃၃၈/၆)ရှိ အရှည်ပေ (၂၇၀) သက်ပန်း‌ချောင်းတံတား ကြံ့ခိုင်မှု၊ တံတားအောက်ခြေ Abutment များ ရေတိုက်စားမှု မရှိစေရေးနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်း ထားရှိမှုအခြေအနေ ကိုလည်းကောင်း၊ လမ်းပုခုံးရေ တိုက်စားသည့်အပိုင်းများကို ပြန်လည် ပြုပြင်ခြင်း ဆောင်ရွက်နေသည့် အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၂၀၄/၁)မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်သည့်  ဗုဒ္ဓဥယျာဉ်သို့ တိုက်ရိုက် အဝင်/အထွက်ပြုလုပ်နိုင်သည့် လမ်းဆုံနေရာတွင်ဘုရားဖူးခရီးသည်များ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့်လမ်းလယ်ကျွန်း၊ လမ်းဘေး ဝဲ/ယာ သစ်ပင်များ၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)