ပြည်ထဲ‌ရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲ‌ရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ


MNP ၊ ဇူလိုင် ၁၅

ပြည်ထဲ‌ရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော  ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ ဝင်/ ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဝန်ကြီး များ၊ ပြည်ထဲရေး ဝန်ကြီးဌာနပရဟိတအသင်းမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ နှင့် တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူ များနှင့် မိဘများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ ၏ သား/သမီးများအနေဖြင့် ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရန် ဂုဏ်ပြု ချီးမြှင့်ထိုက်သူများကို အသိအမှတ်ပြုဂုဏ်ပြုချီးမြှင့်ရန်နှင့် နိုင်ငံ၏ကြီးမားသော အင်အား တစ်ရပ်အဖြစ် အနာဂတ်နိုင်ငံတော် တည်ဆောက်ရာ၌ အရေးကြီးသော ကဏ္ဍအသီးသီး တွင် ပါဝင်ကြရမည့် လူငယ်လူရွယ်များအား တတ်စွမ်းသမျှ အထောက်အပံ့ပေးခြင်း ဖြစ်ပါကြောင်း၊  ပညာရေးသည် နိုင်ငံတော် တည်ဆောက်ရေး၏ အခြေခံအုတ်မြစ် ဖြစ်သကဲ့သို့ အသိပညာ၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များရှိမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် တည်ဆောက်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်သည့် အတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးကို အဓိက ဦးစားပေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ရခြင်းသည် ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/ ကျောင်းသူများအတွက် ပညာရေးပိုင်းဆိုင်ရာ တိုးတက်မြင့်မားစေရန်နှင့် ပညာတတ် လူငယ်မောင်မယ်များဖြစ်ကြပြီး ကဏ္ဍအသီးသီးတွင် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာ စေရန် ရည်ရွယ်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး က တပ်ဖွဲ့/ဦးစီးဌာနများမှ သား/သမီး (၃)ဦး အနည်းဆုံးရှိပြီး တက္ကသိုလ်တက်ရောက်နေဆဲ ကျောင်းသား/ကျောင်းသူရှိသည့် မိသားစုများကို ထောက်ပံ့ငွေ ပေးအပ်ပြီး ကျဆုံးတပ်ဖွဲ့ဝင်/ဝန်ထမ်းများကို ပြည်ထဲရေးဝန်ကြီးဌာန ပရဟိတ အသင်းမှ ထောက်ပံ့မှုဆောင်ရွက်ပေးရာတွင် တာဝန်ယူဆောင်ရွက်ပေးသည့် ရုံးအဖွဲ့နှင့် နိုင်ငံအဝန်းရှိ ဘုန်းတော်ကြီးကျောင်း (၂၂၅)ကျောင်းသို့ လစဉ်လှူဒါန်းနိုင်ရေး စီမံဆောင်ရွက် သည့် ရုံးအဖွဲ့ဝန်ထမ်းများကို ဂုဏ်ပြု ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ခြောက်ဘာသာဂုဏ်ထူးရှင် (၄)ဦးနှင့် ငါးဘာသာဂုဏ်ထူးရှင် (၄)ဦးတို့ကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီက ငါးဘာသာဂုဏ်ထူးရှင်(၇)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁)ဦးတို့ကို လည်းကောင်း၊ ဒုတိယ ဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က လေးဘာသာဂုဏ်ထူးရှင် (၈)ဦးကို လည်းကောင်း၊  အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက  လေးဘာသာဂုဏ်ထူးရှင်(၄)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင်(၁၆)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင်(၁၁)ဦးတို့ကို လည်းကောင်း   ပညာထူးချွန်ဆုများပေးအပ်ပြီး ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများကိုယ်စား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခြောက်ဘာသာ ဂုဏ်ထူးရှင် ကျောင်းသူ မသိမ့်နှင်းစံ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ  အရာထမ်း၊ အမှုထမ်းများ၏ သား/သမီး၊ ကျောင်းသား/ ကျောင်းသူများမှ ခြောက်ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် (၂၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၆၁)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင်(၇၇)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင်(၂၀၅)ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင်(၃၈၃)ဦး၊ ရိုးရိုးအောင်မြင်သူ (၆၈၇)ဦး နှင့် သား/သမီး (၃)ဦးအနည်းဆုံးရှိပြီး တက္ကသိုလ် တက်ရောက် နေဆဲ ကျောင်းသား/ကျောင်းသူ ရှိသည့် မိသားစု (၂၃၂၅)ဦးတို့ကို  ဒုတိယအကြိမ် ပညာသင် ထောက်ပံ့ကြေးအဖြစ် ချီးမြှင့်ထောက်ပံ့ပေး အပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)