MNP ၊ ဇူလိုင် ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရွှေကူမြို့နယ်ကြက်ခြေနီအဖွဲ့ခွဲတို့ပူးပေါင်း၍ ပေါက်ကွဲစေတတ်သောစစ်ကျန်ပစ္စည်းများအန္တရာယ်လျော့ချရေး အသိပညာပေး သရုပ်ပြရှင်းလင်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခန့်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးသရုပ်ပြပွဲတွင် ရွှေကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးမိုးလွင်က စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့တွင်းသို့ လှည့်လှည်ဆောင်ရွက်နေကြသည့်အလျောက် ပေါက်ကွဲစေတတ်သောစစ်ကျန် ပစ္စည်းများအန္တရာယ်ကို သိရှိနားလည်စေပြီး ရှောင်ရှားနိုင်စေရန်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ရွှေကူမြို့နယ်ကြက်ခြေနီအဖွဲ့ခွဲဥက္ကဋ္ဌဦးတင်ယုက ကြက်ခြေနီအကြောင်း သိကောင်းစရာများကို မိတ်ဆက်ပြောကြားခဲ့သည်။
ထို့နောက် ရွှေကူမြို့နယ်ကြက်ခြေနီအဖွဲ့ခွဲအမှုဆောင်ဦးမြင့်ဦးက မြေမြုပ်မိုင်း၊ တိုက်မိုင်းနှင့် လူကိုအသက်အန္တရာယ်ဖြစ်စေသည့် စစ်ကျန်လက်နက် အန္တရာယ်များကိုလည်းကောင်း၊ မိုင်းနင်းမိပြီး ကိုယ်အင်္ဂါထိခိုက်သွားသည့် လူနာများကို ကြက်ခြေနီအသင်းမှ ခြေတုများတပ်ဆင်ခြင်းနှင့် ထိခိုက်ဒဏ်ရာရလာပါက လုပ်ဆောင်ပေးရမည့် ကဏ္ဍများကိုလည်းကောင်း၊ မိုင်းအန္တရာယ်ဖြစ်စေနိုင်သည့် မြေမြုပ်မိုင်း၊ တိုက်မိုင်းများတွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများသို့ အကြောင်းကြားပြီး အန္တရာယ်မဖြစ်ပေါ်စေရန်ပြုလုပ်ရမည့်အချက်များကို ရှင်းလင်းဟောပြောခဲ့ပြီး တပ်ဖွဲ့မှူးဒေါ်နှောင်းနှောင်းထွေးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်ဖြစ်စေနိုင်သည့် မြေမြုပ်မိုင်း၊ တိုက်မိုင်းများအကြောင်း သရုပ်ပြရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment