ဗိဿနိုးမြို့ဟောင်းတစ်ခွင် လာစေချင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိဿနိုးမြို့ဟောင်းတစ်ခွင် လာစေချင်





မြန်မာ့သမိုင်းတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည်ဖြင့် သမိုင်းမတင်မီခေတ်၊ သမိုင်း တင်ခေတ်ဦးနှင့် သမိုင်းတင်ခေတ်ဟူ၍ ပြောင်းလဲဖြစ်တည်မှု အဆင့်ဆင့်ရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့ပြယဉ်ကျေးမှုကို ခရစ်တော်မပေါ်မီ ကာလကပင် ယဉ်ကျေးသော လူ့အဖွဲ့အစည်းအဖြစ် ပျူလူမျိုးများကအစပြု၍ တစ်ဆင့်ပြီးတစ်ဆင့် တည်ထောင်ခဲ့ကြပါသည်။

မြန်မာနိုင်ငံတွင် ရှေးဟောင်းသုတေသနဌာန စတင်ပေါ်ပေါက်ချိန်မှစ၍ ပျူယဉ်ကျေးမှုထွန်းကားရာ ရှေးဟောင်း မြို့တော်များဖြစ်သော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ ဝတီး၊ ပင်လယ်(မိုင်းမော) စသည်ဖြင့် တူးဖော် သုတေသနပြုခဲ့ကြပါသည်။ သုတေသနပြု တူးဖော်တွေ့ရှိမှုများမှနေ၍ ပျူမြို့ပြစနစ်၏ ယေဘုယျ သဘောလက္ခဏာများဖြစ်သော မြို့တည်ဆောက်ပုံအခင်းအကျင်း၊ မြို့နေရာ ရွေးချယ်ထားရှိမှု၊ ရေစီမံခန့်ခွဲမှု စနစ်နှင့် စိုက်ပျိုး မွေးမြူရေးအခြေအနေ၊ မြို့ရိုးမြို့တာနှင့် မြို့ဝင်ပေါက်များတည်ဆောက်ပုံစနစ်၊ အဆောက် အအုံများ၏ ပုံသဏ္ဌာန်များ၊ အသုံးပြုသောအုတ်အရွယ်အစား၊ လက်ရေးစင်းရာနှင့် အမှတ်အသားများ ပါသောအုတ်များ၊ သေဆုံးသူကို မီးသင်္ဂြိုဟ်၍ အရိုးအိုးများတွင် ထည့်သွင်းမြှုပ်နှံခြင်းဓလေ့ စသည့် ထင်ရှားပေါ်လွင် သောလက္ခဏာများဖြင့် ပျူယဉ်ကျေးမှု ထွန်းကားရာ ဒေသများဖြစ်ကြောင်းကို သိရှိခဲ့ကြ ပါသည်။

၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ပျူမြို့ ဟောင်း သုံးမြို့တွင် ဗိဿနိုးပျူမြို့ဟောင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဗိဿနိုးပျူမြို့ ဟောင်းသည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့၏ အနောက်ဘက် (၁၂) မိုင်အကွာ တောင်တွင်းကြီး-မကွေးကားလမ်းမ ပေါ်တွင် တည်ရှိပါသည်။ မြို့ဟောင်းသည် ၃ ဒသမ ၃ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့ဟောင်း၏ ပုံသဏ္ဌာန်မှာ လေးထောင့်မကျ တကျပုံသဏ္ဌာန်ဖြစ်ပါသည်။ မြို့ဟောင်း၏ ပတ်လည်တွင် ကျေးရွာ ၁၁ ရွာ ဝန်းရံလျက်ရှိပြီး ဗိဿနိုး ပျူယဉ်ကျေးမှုဒေသအား ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာဒေသ (Property Zone) ကို ၂၉၃၅ ဒသမ ၆၁ ဧက၊ ကြားခံဒေသ (Buffer Zone) ကို ၇၁၁၄ ဒသမ ၁၆ ဧက စသည်ဖြင့် ပိုင်းခြားသတ်မှတ်ထားပြီး စုစုပေါင်းဇုန်နယ်နိမိတ်ဧရိယာ ၁၀၀၄၉ ဧက သတ်မှတ်ထားပါသည်။ ဗိဿနိုး ပျူယဉ်ကျေးမှုဒေသသည် အပူပိုင်းမိုးနည်းရပ်ဝန်း တွင်ပါဝင်ပြီး ယင်းချောင်း လွင်ပြင်တွင် တည်ရှိလျက်ရှိရာ စိုက်ပျိုးရေးအတွက် မြေဩဇာကောင်းမွန်သဖြင့် ဆန်စပါးနှင့် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ် နိုင်သည်မှာ ယနေ့အထိပင်ဖြစ်ပါသည်။

ဗိဿနိုးပျူမြို့ဟောင်းသို့ လာမည်ဆိုပါက တောင်တွင်းကြီးမြို့မှ တောင်တွင်းကြီး-မကွေး ကားလမ်းအတိုင်း ၁၂ မိုင်ခန့် လာရမည်ဖြစ်ပါသည်။ ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဝင်ရောက်လာသည်နှင့် ကားလမ်း၏ တောင်ဘက်တွင် ကွေ့ဝိုက်စီးဆင်းနေသော ရန်ပယ်ချောင်း နှင့်အတူ လယ်ယာမြေရှုခင်းများကိုလည်း တွေ့မြင်နိုင်ပါသည်။ ကားလမ်း၏ မြောက်ဘက်ခြမ်း တွင်မူ ကျည်းရိုးကြီးကန်ကို သဘာဝတောတန်းများနှင့် အတူ တွေ့မြင်နိုင်ပါသည်။ ထို့နောက် “ဗိဿနိုး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ”ဟူသည့် ကျောက် ဆစ်လက်ရာဖြင့် ပြုလုပ်ထားသော အဝင်မုခ်ဦးသို့ ရောက်ရှိမည်ဖြစ်ပါသည်။ မကွေးမြို့မှလာပါက မိုင် ၄၀ ခန့်ကွာဝေး၍ ရန်ပယ်ချောင်း၏ သဘာဝအလှကို ကျယ်ပြန့်စွာတွေ့မြင်နိုင်ပြီး ထိုမှကုက္ကိုခွတံတားကြီးကို ကျော်ဖြတ်ကာ ဗိဿနိုးမြို့ဟောင်း၏ တောင်ဘက်မြို့ရိုးကို ဖြတ်ဖောက်ထားသော ကားလမ်းအတိုင်းလာပါက အဝင်မုခ်ဦးသို့ ရောက်ရှိမည်ဖြစ်ပါသည်။ မုခ်ဦးမှ ဝင်ရောက်လာသည်နှင့် သဘာဝအလှအပများကိုခံစားရင်း ဗိဿနိုး ရှေးဟောင်းသုတေသန ပြတိုက်သို့ ရောက်ရှိမည် ဖြစ်ပါသည်။


ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်

ဗိဿနိုးပျူမြို့ဟောင်းတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရှေးဟောင်း သုတေသန ဆိုင်ရာ လုပ်ငန်းတစ်ခုအဖြစ် ၁၉၅၉ ခုနှစ်မှ တူးဖော်သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ကုန်းပေါင်း ၆၉ ကုန်းကို တူးဖော်ခဲ့ပြီးဖြစ်ပါသည်။ တူးဖော်သုတေသန လုပ်ငန်းမှ ရရှိလာသော ယဉ်ကျေးမှုအမွေ အနှစ်ဝတ္ထု ပစ္စည်းများကို မပျောက်ပျက်စေရန်၊ လူနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန်၊ ရေရှည်တည်တံ့နေစေရန်နှင့် အများပြည်သူ လေ့လာနိုင်စေရန် တို့အတွက်ရည်ရွယ်၍ ဗိဿနိုးရှေးဟောင်း သုတေသနပြတိုက် ဆောက်လုပ်ဖွင့်လှစ်၍ ပြသထားသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ ဗိဿနိုးမြို့ဟောင်းကို အခြေပြုပြီး မြို့ဟောင်းနှင့် ပတ်ဝန်းကျင်မှ တူးဖော်စုဆောင်းရရှိသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို အများပြည်သူ လေ့လာနိုင်စေရန်အတွက် ရှေးဟောင်းသုတေသနပြတိုက် အဆောက်အအုံအသစ် ဆောက် လုပ်ခင်းကျင်းကာ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်ပြသခဲ့ပါသည်။ ဗိဿနိုး ရှေးဟောင်း သုတေသနပြတိုက်ကို အပတ်စဉ် တနင်္လာနေ့နှင့် ပြန်တမ်းဝင်အစိုးရရုံးပိတ်ရက်များ မှလွဲ၍ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အထိ ဖွင့်လှစ်ပြသလျက်ရှိပါသည်။

ဗိဿနိုး ရှေးဟောင်းသုတေသနပြတိုက်တွင် ပြကွက်များအလိုက် ခင်းကျင်းပြသထားသော ရှေးဟောင်းဝတ္ထု ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပျူခေတ်ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများဖြစ်သည်ကို လေ့လာတွေ့မြင် နိုင်ပါသည်။ ဗိဿနိုးမြို့ဟောင်းကို တူးဖော်သုတေသန ပြုရာတွင် ကျောက်ဝတ္ထုပစ္စည်းများ၊ မြေထည်ပစ္စည်းများ၊ အင်္ဂတေပစ္စည်းများ၊ ကြေးထည် ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ ငွေထည်ပစ္စည်းများ၊ ရွှေထည် ပစ္စည်းများ၊ သတ္တုရောပစ္စည်းများ၊ အရိုးအိုးများ စသည်တို့ကို တူးဖော်တွေ့ရှိခဲ့ပါသည်။ ပျူခေတ်ကာလ ဗိဿနိုး မြို့ဟောင်းတွင် နေထိုင်ခဲ့ကြသော ပျူလူမျိုးတို့၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို သက်သေပြုဖော်ဆောင်နေသော ၎င်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ၊ ဗိသုကာ အနုသုခုမ လက်ရာများကို ဗိဿနိုးရှေးဟောင်းသုတေသန ပြတိုက်တွင် ပြကွက် ၁၁ ကွက်ဖြင့် ခင်းကျင်းပြသ ထားသည်ကိုလည်း လေ့လာတွေ့မြင်နိုင်မည် ဖြစ်ပါသည်။


လဟာပြင်ပြတိုက်သဖွယ် ဗိဿနိုးပျူမြို့ဟောင်း (Open Air Museum)

ဗိဿနိုး ရှေးဟောင်းသုတေသနပြတိုက်မှ ရွှေရောင်တော်ဘုရားသို့သွားရာ ကတ္တရာလမ်းနှင့် မြို့ဟောင်းအတွင်း သွားရာ မြေနီလမ်းအတိုင်း ဆက်လက်သွားမည်ဆိုပါက လဟာပြင်ပြတိုက် သဖွယ်ဖြစ်နေသော ဗိဿနိုးမြို့ဟောင်းကို လေ့လာနိုင်မည်ဖြစ်ပါသည်။

ဗိဿနိုးမြို့ဟောင်းအတွင်း ယနေ့အထိ တူးဖော်သုတေသနပြုပြီးသော ရှေးဟောင်းအုတ် ကုန်းပေါင်း ၆၉ ကုန်းရှိပြီး တူးဖော်သုတေသနပြု စာတမ်းများအရ အုတ်ကုန်းအမျိုးအစားများမှာ မြို့ရိုးနှင့်အရံအတား၊ မြို့ဝင်ပေါက်များ၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ၊ ဓလေ့ထုံးတမ်းဆိုင်ရာ အဆောက်အအုံများ၊ လူနေအဆောက်အအုံများနှင့် အခြားအဆောက်အအုံများဟူ၍ သတ်မှတ်ဖော်ပြထားသည်ကို တွေ့ရှိနိုင်ပါသည်။

မြို့ဟောင်းအတွင်း လေ့လာရာလမ်း တစ်လျှောက်တွင် ရှေးဟောင်းအုတ်ကုန်းများနှင့် တွဲဖက်လျက် သဘာဝမြေယာရှုခင်းများကို ရာသီဥတုအလိုက် မြင်တွေ့ခံစားရမည်ဖြစ်ပါသည်။ မိုးရာသီတွင် ဖူးသစ်စ ရွက်နုများ ဝေဖြာလျက် သဘာဝသစ်ပင်များ၊ တောပန်းအလှများနှင့် လယ်ယာလုပ်ကိုင်နေသည့် လုပ်ငန်းခွင်မြင်ကွင်းများ၊ နွေအခါက ရေခန်းခြောက်ခဲ့သော ချောင်းငယ်၊ မြောင်းငယ်များတွင် ရေများပြည့်လျှံစီးဆင်းနေသည့် မြင်ကွင်းများ၊ မိုးရေဖွေးဖွေးပြည့်မောက်နေသော ရေကန်ကြီးများ၏ ကန်ရေပြင် သဘာဝအလှများကို ရှေးဟောင်း အဆောက်အအုံများနှင့် ယှဉ်တွဲ တွေ့မြင်ခံစားရသည့် ပြည့်စုံခြင်းရသကို ဗိဿနိုး မြို့ဟောင်းအား လေ့လာရခြင်းဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။ ဆောင်းရာသီတွင် စိမ်းစိုသောတောအုပ် တောတန်းများ၊ ဝင်းဝါနေသောစပါးပင်၊ သီးနှံပင်များနှင့်အတူ ဗိဿနိုးမြို့ဟောင်းအတွင်းရှိ အင်းကြီးကန်သို့ ဆောင်းခိုဝင်ရောက်လာသော ဆောင်းခိုငှက်များ စသည်ဖြင့် ရာသီဥတုအလိုက် မြင်ကွင်းရှုခင်း များကို မြို့ဟောင်း၏အနီးဝန်းကျင်တွင် တွေ့ရပြီး ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံပြည်သူများ၏ လူမှုဓလေ့စရိုက် ပုံသဏ္ဌာန်များနှင့်အတူ ယှဉ်တွဲမြင်တွေ့ လေ့လာနိုင်မည်ဖြစ်ပါသည်။

ကျေးလက်ဒေသ လူမှုအဖွဲ့အစည်းများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကို အားပြုသောစီးပွားရေး ပုံစံများနှင့် ရိုးရာလက်မှုလုပ်ငန်းများဖြစ်သော အိုးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်းများကို ယနေ့ မျက်မှောက်ခေတ်အထိ အသွင်သစ် ပုံစံသစ်တို့ဖြင့် တွေ့မြင်နိုင်ပါသည်။ ထူးခြားသည့် အရိုးအိုးမြှုပ်နှံ မှုဓလေ့၊ ဗုဒ္ဓသာသနိကဆိုင်ရာ ကျောင်းကန်ဘုရား တည်ဆောက်မှု၊ ကျွမ်းကျင်သည့် ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ တည်ဆောက်မှုဆိုင်ရာ ဗိသုကာလက်ရာများ၊ မြို့တည်ဖွဲ့ပုံနှင့် သဘာဝရေမြေပုံစံများ တွဲဖက်ဆက်စပ်လျက် ပြည့်စုံသောပြကွက်များ ကဲ့သို့ တည်ရှိနေပါသည်။ ထိုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကို ဖော်ညွှန်းလျက်ရှိ သော ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများရှိနေသည့် ဗိဿနိုးပျူယဉ်ကျေးမှု ဒေသသည် ပျူယဉ်ကျေးမှု၏ အနှစ်သာရကို ဖော်ပြနေသည့် လဟာပြင်ပြတိုက်သဖွယ် ဖြစ်နေသည်ကို လေ့လာ တွေ့မြင်နိုင်ပါသည်။


လေ့လာစေချင် မြို့ဟောင်းတစ်ခွင်

ပြတိုက်များ ဖွင့်လှစ်ရခြင်းအကြောင်းသည် ယဉ်ကျေးမှုအမွေအနှစ်များကို လူထုအား ထုတ်ဖော် ပြသခြင်းနှင့် လူထုအား ယဉ်ကျေးမှုဆိုင်ရာများကို mind-set ချိတ်ဆက်ပေးခြင်းပင် ဖြစ်ပါသည်။ သမိုင်းဟူသည်မှာ အတိတ်ကဖြစ်ရပ်များပင်ဖြစ်ပြီး အတိတ်ကာလမှ ဖြစ်စဉ်ဖြစ်ရပ် ခေတ်အပိုင်းအခြားများကို သိရှိနိုင်ရန်မှာ ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကို ဖော်ထုတ်နိုင်ရမည်ဖြစ်ပြီး ၎င်းပစ္စည်းများ၏ ဖြစ်တည်မှုကို ချင့်ချိန်သုံးသပ်နိုင်မှသာ ယဉ်ကျေးမှု၏ အတိတ်နှင့် ပစ္စုပ္ပန်ကို ဆက်စပ်တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ လူတို့ ဖန်တီးပြုလုပ် ထားသော ပန်းချီကားများ၊ ဗီနိုင်းများ၊ ဓာတ်ပုံများ၊ Mouldများနှင့်အတူ ပြတိုက်၏ ဒီဇိုင်းခင်းကျင်းပြသမှုများကို ပြတိုက်တွင် လေ့လာနိုင်သကဲ့သို့ မြို့ဟောင်းအတွင်းရှိ တူးဖော်ပြီး ရှေးဟောင်း အဆောက်အအုံများကို Natural Landscape၊ Archaeology Landscape၊ Social Landscape တို့ဖြင့် ရသပြည့်ဝစွာတွဲဖက်ကြည့်ရှု လေ့လာနိုင်ခြင်းသည်လည်း ဗိဿနိုးမြို့ဟောင်းနှင့် ဗိဿနိုး ရှေးဟောင်း သုတေသနပြတိုက်တို့ ပေါင်းဖက်ဆက်နွှယ်ပြီး တစ်သားတည်း တည်ရှိနေခြင်းကြောင့်ပင် ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံသားဖြစ်တည်မှုနှင့် နိုင်ငံသားတို့ စုဆောင်း၊ ရှာဖွေ၊ ဖော်ထုတ်ရရှိသည့် နိုင်ငံ့ ယဉ်ကျေးမှု အမွေအနှစ်များသည် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝကို ထင်ဟပ်ပေါ်လွင်စေသော ကိုယ်ပိုင် စရိုက် လက္ခဏာများ ဖြစ်နေသည်ကို ယဉ်ကျေးမှုအမွေအနှစ်ဒေသများနှင့် ပြတိုက်များက သက်သေပြု ဖော်ဆောင် နေပါသည်။

ထိုကဲ့သို့ ကိုယ်ပိုင်စရိုက်လက္ခဏာများဖြင့် သက်သေပြုဖော်ဆောင်နေသော ယဉ်ကျေးမှုအမွေအနှစ် ဒေသများ အနက် ဗိဿနိုးပျူမြို့ဟောင်းနှင့် ဗိဿနိုး ရှေးဟောင်းသုတေသနပြတိုက် သည်လည်း လာရောက်လေ့လာ သင့်သော နေရာတစ်ခုဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက် ရပါသည်။       ။


(ကူးယူဖော်ပြပါသည်။)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)