ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပဲခူးတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပဲခူးတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံများ ကြည့်ရှုစစ်ဆေး




MNP ၊ ဇူလိုင် ၂၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ ခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး အရေးပေါ်ဌာန၊ ပြင်ပလူနာဌာန၊ လူနာဆောင်များ၊ ဓာတ်မှန်ခန်းနှင့် ဓာတ်ခွဲခန်းများကို လှည့်လည်ကြည့်ရှု၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို စစ်ဆေးကာလူနာများကို အားပေးစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်၊ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုသမှုအရည်အသွေး ကောင်းမွန်စေရေးအတွက် နိုင်ငံတော်အစိုးရကဘဏ္ဍာငွေများစွာ စိုက်ထုတ်သုံးစွဲလျက်ရှိရာ ထိရောက်စွာ အသုံးပြုကြစေလိုကြောင်း၊ လိုအပ်ချက်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စိစစ်ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရောဂါပိုးကူးစက်ပြန့်ပွားမှုကာကွယ်ရေး၊ ဆေးရုံများ၏ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံ-သို့သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံ၌ တိုးချဲ့နှစ်ထပ်ဆောင် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကာ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇီးကုန်းမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး လူနာဆောင်များ၊ ဓာတ်ခွဲနှင့်ဓာတ်မှန်ဌာနများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများကို အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ၌ ခွဲစိတ်ခန်းပါ တိုးချဲ့နှစ်ထပ်ဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အထူးဆောက်လုပ်ရေးအဖွဲ့(၁)နှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်မြို့ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကာ မြို့နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများနှင့်တွေ့ဆုံ၍ မြို့နယ်အဆင့် ဆေးရုံများဖြစ်သည့် (၂၅)ကုတင်ဆံ့နှင့် (၅၀)ကုတင်ဆံ့ဆေးရုံများအားလုံးတွင် အခြေခံ အဆောက်အအုံများ၊ ရောဂါရှာဖွေရေးလုပ်ငန်းများဖြစ်သည့် ဓာတ်ခွဲ/ဓာတ်မှန်လုပ်ငန်းများအပါအဝင် အခြေခံကျန်းမာရေး ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်အဆင့်ဆေးရုံတိုင်းတွင် မြို့နယ်ဆရာဝန်များ၊ သွားနှင့်ခံတွင်းဆရာဝန်များအား ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ထို့အပြင် အချက်အခြာကျသည့် တိုက်နယ်ဆေးရုံများတွင်လည်း ဆရာဝန်များဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ဖြည့်ဆည်းနိုင်ရန်အတွက် အခြေခံကျန်းမာရေးဝန်ထမ်းများကိုလည်း ထပ်မံတိုးချဲ့ခန့်ထားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)