MNP ၊ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး သီးနှံဝင်ငွေတိုးပွားစေရန် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ငှက်ပျော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယခုနှစ်တွင် ငှက်ပျောဈေးကွက် အရောင်းအဝယ်ကောင်းမွန်လာ၍ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ငှက်ပျောစိုက်ပျိုးတောင်သူများထံက သိရသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဒေသခံကျေးလက်နေတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲလွမ်း၊ ပဲကြီး၊ ပဲနောက်၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံနှင့်အခြား စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများသည် သီးနှံဝင်ငွေ ပိုမိုရရှိစေရန်ရည်ရွယ်ပြီး ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ သစ်သီးဝလံစိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ယခုနှစ်တွင် ဒေသခံတောင်သူများ စီးပွားဖြစ် စိုက်ပျိုးသည့် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းမှာ အရောင်းအဝယ်ကောင်းမွန်လာပြီး ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ငွေကျပ် ၁၇၀၀ ဈေးဖြင့် ရောင်းချရ၍ ငှက်ပျောစိုက်ပျိုးတောင်သူများနှင့် တစ်ဆင့်ပြန်လည်ရောင်းချသည့်ဈေးသည်များ ဝင်ငွေကောင်းမွန်ကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေအဆင်ပြေတာကြောင့် သီးနှံစိုက်ပျိုးရတာ အဆင်ပြေတယ်ဗျ။ ယခုဆိုရင် အညာကျေးလက်ဒေသတွေမှာ မိသားစုဝင်ငွေတိုးပွားရေးအတွက် စီးပွားဖြစ် စိုက်ပျိုးကြတဲ့ ငှက်ပျောစိုက်ပျိုးတောင်သူတွေ ငှက်ပျောဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာလို့ စီးပွားရေး တွက်ခြေကိုက်ကြတယ်။ ပြီးခဲ့တဲ့နှစ်တွေက ငှက်ပျောဈေးကွက် အရောင်းအဝယ် မကောင်းခဲ့ဘူး။ ဖီးကြမ်းငှက်ပျော တစ်ဖီးကို ငွေကျပ် ၆၀၀၊ ၇၀၀ ဈေးလောက်နဲ့ ရောင်းချခဲ့ရတယ်။ ယခုနှစ်မှာတော့ ဈေးကွက်ပြန်လည်ကောင်းမွန်လာပြီး ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် ၁၇၀၀ ဈေးနဲ့ ရောင်းချနေရတယ်ဗျ။ ကျွန်တော်တို့ဒေသမှာ တောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ ငှက်ပျောကတော့ ဖီးကြမ်းငှက်ပျောပဲ ဖြစ်ပါတယ်။ ဖီးကြမ်းငှက်ပျောက စားသုံးသူ အကြိုက်တွေ့ပြီး ဈေးပိုရတဲ့အတွက် တောင်သူတွေအများစုက ဖီးကြမ်းငှက်ပျောကိုပဲ အားထားစိုက်ပျိုးကြတယ်။ တစ်ချို့တောင်သူတွေလည်း ဖီးကြမ်းငှက်ပျောအပြင် ငှက်ပျောချဉ်လည်း စိုက်ပျိုးကြပါတယ်။ ငှက်ပျောချဉ်ကတော့ အခိုင်လိုက်ပဲ ရောင်းချတာများတယ်၊ ရောင်းဈေးကတော့ ငှက်ပျောချဉ်တစ်ခိုင် ငွေကျပ် ၈၀၀၀ ဈေးနဲ့ ရောင်းချနေရပါတယ်။ ခုလို ငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန်လာတဲ့အတွက် စိုက်ပျိုးတဲ့ တောင်သူတွေ အပြင် တစ်ဆင့်ပြန်လည်ရောင်းချတဲ့ ဈေးသည်တွေပါ ဝင်ငွေကောင်းမွန်ပြီး လုပ်ငန်းအဆင်ပြေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ တစ်ဦးက ပြောသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment