MNP ၊ ဇူလိုင် ၃
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အတူ မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့၊ နံနက်(၁၀)နာရီက ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် စာကြည့်တိုက်ဘက်စုံသုံးခန်းမတွင် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့်နေရာသို့ သွားရောက်ပြီး၊ ဆေးကုသမှု ခံယူနေကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ခေါက်ဆွဲခြောက်များ ပေးဝေလှူဒါန်းခဲ့ကြသည်။
ထိုနောက် မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နှင့်ဦးရာဇ်တော်ဘုရားသို့ ဆက်သွယ်ထားသည့် ဦးရာဇ်မင်္ဂလာကြိုးတံတားအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းကြိုးတံတားမှာ အရှည် ၃၂၀ ပေ၊ တံတားအကျယ် ၇ ပေ ၆ လက်မ၊ တံတားအောက်ကင်းလွတ်အမြင့် ၁၃.၁၃၄ ပေရှိပြီး၊ နိုင်ငံတော်အစိုးရထံမှ ခွင့်ပြုငွေကျပ်(၇၉.၆၅၉ ကျပ်သန်း)ဖြင့် ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်လျက်ရှိရာ ၇၅ ရာခိုင် နှုန်းခန့် တည်ဆောက်ပြီးစီးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့ဝင်သည် မိုခါမုန်တိုင်းဘေးဒဏ်သင့် တောင်သူများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဝယ်ယူထောက်ပံ့ပေးသည့် ပေါ်ဆန်းရင်မျိုးစပါး(၈၄၀ တင်း)နှင့် GW-11 မျိုးစပါး(၇၂၉ တင်း)ကို မုန်တိုင်းဘေးဒဏ်သင့် ကျေးရွာအုပ်စုများရှိ တောင်သူများထံသို့ ဖြန့်ဝေထောက်ပံပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment