သနပ်ပင်မြို့နယ်ရှိ တစ်နှစ်(၁)သီးသာစိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်နွေစပါး(၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေတံခါးတပ်ဆင်ပေးနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ်ရှိ တစ်နှစ်(၁)သီးသာစိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်နွေစပါး(၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေတံခါးတပ်ဆင်ပေးနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး




MNP ၊ ဇူလိုင် ၂၅      

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်နွေစပါး(၂)သီးတိုးချဲ့စိုက်ပျိုးနိုင်ရေး ရေတံခါးတပ်ဆင်ပေးနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကျေးရွာ၊ စစ်တောင်းတူးမြောင်း(အရှေ့ဘက်)ရှိ ကျိုက်ပဒိုင်ကွင်း မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကျိုက်ပဒိုင်ရေကြီးရေနက်ကွင်း လယ်မြေများနှင့်ပတ်သက်၍ နှစ်စဉ်ရေဝင်ရောက်မှုကြောင့် တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်ခဲ့မှု အခြေအနေအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လယ်မြေများအတွင်း ရေဝင်/ရေထွက်ပေါက်များ ပြန်လည်ပြုပြင်ပေးရန်၊ လယ်သမားတာအား အပိုင်းလိုက်ပြန်လည်အဆင့်မြှင့်တင်ပေးရန်နှင့် (၆)ပေအကျယ်ရေတံခါးတပ်ဆင်ပေးရန်၊ စိုက်ပျိုးချိန်အမီ ဆင်ဖြူးရိုးချောင်းနှင့် မိချောင်းရိုးချောင်းတို့အား ပြန်လည်တူးဖော်ပေးရန်၊ မိုးစပါးစိုက်ပျိုးသည့် လယ်မြေများအတွက် ရေမြှုပ်ခံစပါးမျိုးများရရှိရေးနှင့် ပိုက်ဆံလျှော်စိုက်ပျိုးနိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကွင်းသည် လယ်မြေဧရိယာ(၆၇၈၄)ဧကရှိပြီး မြေနိမ့်လွင်ပြင် ဒေသဖြစ်ကာ နှစ်စဉ်ရေဝင်ရောက်သဖြင့် စပါး(၁)သီးသာ စိုက်ပျိုးနိုင်ခဲ့ရာမှ ယခုအခါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ပေးနိုင်ရေး တစ်နှစ်နွေစပါး(၂)သီး တိုးချဲ့စိုက်ပျိုးနိုင်ရန် ရေတံခါးတပ်ဆင်ပေးရန်နှင့် ရေသွင်း/ရေထုတ်မြောင်းများ ပြန်လည်တူးဖော်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းစိစစ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ကျိုက်ပဒိုင်ရွှေတိဂုံလေးစေတီတော်မြတ်သို့သွားရောက်ခဲ့ပြီး ပဓာနနာယကဆရာတော်အား ဖူးမြော်၍ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ အိုးဘိုကုန်းကျေးရွာ အုပ်စုရှိ Drum Seeder ဖြင့် အစေ့ချစိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးမျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်အလိုက်မျိုးကောင်းမျိုးသန့်များ ဖူလုံမှုရှိစေရေးအတွက် တိုးချဲ့စိုက်ပျိုးရန်၊ သွင်းအားစုများ အချိန်မီရရှိရေးဆောင်ရွက်ပေးရန်၊ ရေသွင်း/ရေထုတ်စနစ်များ ကောင်းမွန်မှုရှိစေရေး ရေပေးမြောင်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးရန်၊ ဒေသခံတောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စပါးမျိုးအလိုက် ယှဉ်ပြိုင်စမ်းသပ်ကွက်များ ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်အသိပညာပေးပြသနိုင်ရေး စီစဉ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)