စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်


MNP ၊ ဇူလိုင် ၂၁

စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဆန်၊ ဆီ၊ ပဲ ဖူလုံ လျက်ရှိသော်လည်း အချို့သော ခရိုင်အချို့တွင် ဆန်၊ ဆီဖူလုံမှု အနည်းငယ်လိုအပ်လျက်ရှိသဖြင့် ခရိုင်အလိုက် ဆန်၊ ဆီဖူလုံရေး တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရန် မျိုး၊ မြေ၊ ရေ၊ နည်းစနစ်ကျ မှန်ကန်၍ စိုက်ပျိုးရေးသွင်းအားစုများ အချိန်ကိုက်နည်းစနစ်မှန်ကန်စွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခရိုင်/မြို့နယ်များအတွင်း လှပ်မြေနှင့်မြေပျက်များအား မြေယာပြုပြင်၍ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးသွားကြရန် လိုကြောင်း၊ လယ်ယာမြေများ ဆုံးရုံးမှုမရှိစေရေးအတွက် လယ်ယာမြေအခြားနည်း အသုံးပြုမှုများအား စနစ်တကျ စိစစ်သွားကြရန် လိုအပ်ပါကြောင်း၊


တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားတိုးမြှင့်ရေးအတွက် သီးထပ်၊ သီးညှပ်စိုက်ပျိုး သွားကြရန်နှင့် လိုအပ်သော သွင်းအားစုများဖြစ်သည့် ဓါတ်မြေသြဇာများအား အမှန်တကယ် အသုံးပြုသူ တောင်သူထံသို့ ကုန်ကျစရိတ်အနည်းဆုံးဖြင့် လက်ဝယ်အရောက် ဖြန့်ဖြူးနိုင်ရေး အတွက် သက်ဆိုင်ရာခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သဘာဝမြေသြဇာများ ရရှိရေးအတွက် မွေးမြူရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ကာ တိရိစ္ဆာန်များမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေသြဇာများအား MSMEs လုပ်ငန်းများမှ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သား၊ ငါးကဏ္ဍ အနေဖြင့် တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်ရှိပြီးဖြစ်သည့် မွေးမြူရေးဇုန်များတွင် ကြက်သား၊ ကြက်ဥ၊ ဘဲဥများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ငါးသားပေါက်စခန်းများတွင် နှစ်အလိုက် လျာထားချက်ပြည့်မီအောင် ငါးသားပေါက်များ ထုတ်လုပ်သွားကြရန်နှင့် တိရိစ္ဆာန်အစာစပ် စက်ရုံများ ထူထောင်နိုင်ရေးအတွက် ရင်းနှီးမြုပ်နှံမှု လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ MSMEs လုပ်ငန်းများ အောင်မြင်တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ရန် လိုအပ်သကဲ့သို့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သမဝါယမအသင်းအဖွဲ့ လုပ်ငန်းများကိုလည်း အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 


ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ စိုက်ပျိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ မျိုးကောင်း၊မျိုးသန့်များရရှိရေးနှင့် သဘာဝဓါတ်မြေသြဇာများ ထုတ်လုပ်သွားမည့် လုပ်ငန်းများအားလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ အသား၊ ဥ ဖူလုံစွာထုတ်သွားမည့် လုပ်ငန်းများအား လည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ငါးသားပေါက်များထုတ်လုပ်မှုနှင့် ဖြန့်ဝေသွားမည့် လုပ်ငန်းများ အားလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ လယ်ယာမြေစာရင်းအင်းများမှန်ကန်ရေး လုပ်ငန်းများအားလည်းကောင်း၊ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) တိုင်းဒေသကြီးဦးစီးမှူးမှ စိုက်ပျိုးရေပြည့်မီအောင် ပေးဝေသွားမည့် လုပ်ငန်းများအား လည်းကောင်း၊ ဆည်မြောင်းနှင့်ရေးအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၊ တိုင်းဒေသကြီးဦးစီးမှူးမှ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများအား လည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာများ ဆောင်ရွက်ထားရှိမှု လုပ်ငန်းများအား လည်းကောင်း၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ စိုက်ပျိုး၊မွေးမြူရေး သမဝါယမအသင်းများ ဖွဲ့စည်းထားရှိမှုလုပ်ငန်းများအား လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းများအားလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာမှ တောင်သူများထံ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးထားသည့် လုပ်ငန်းများအားလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးမှ ကျေးလက်နေ ပြည်သူများအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအားလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးမှ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ဆွေးနွေးတင်ပြကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များ၏ မြို့နယ် များအတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ မြို့နယ်များအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အထွေထွေ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီး အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ 


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)