ကပ်ဆိုး ဘေးဆိုး ကျော်လွှားရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကပ်ဆိုး ဘေးဆိုး ကျော်လွှားရေး


မြတ်ဟိန်း

ယနေ့ ကမ္ဘာ့နေရာတော်တော်များများတွင် လုံခြုံရေးမတည်ငြိမ်မှုများဖြစ်နေသည်ကို တွေ့မြင်နေရသည်။ အင်အားကြီးနိုင်ငံများအချင်းချင်း ပြိုင်ဆိုင်မှုများကြောင့် အထူးသဖြင့် နိုင်ငံငယ်လေးများတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယူကရိန်းနိုင်ငံတွင် စစ်ပွဲဖြစ်ပွားနေသည်။ တောင်တရုတ်ပင်လယ်ဒေသတွင်လည်း မငြိမ်သက်မှုများ တွေ့မြင်နိုင်သည်။ စစ်ပွဲများမဖြစ်စေရေး၊ တည်ငြိမ်မှုရှိစေရေးအတွက် ကြိုးပမ်းမှုများရှိသလို အခြေအနေပိုမိုတင်းမာစေရန် နောက်ကွယ်မှ လှုံ့ဆော်သွေးထိုးမှုများ ပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။ ထို့ပြင် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကိုလည်း ပိုမိုတွေ့ရှိလာရသည်။ အကြမ်းဖက်မှုများ၊ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါများနှင့် ကူးစက်ရောဂါများ ပျံ့နှံ့ဖြစ်ပွားမှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုများ စသည်ဖြင့်အခါအားလျော်စွာ ကြုံတွေ့နေရသည်။


၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး စတင်ဖြစ်ပွားပြီး ကမ္ဘာ့နေရာဒေသ အနှံ့အပြားသို့ လျင်မြန်စွာ ကူးစက်ပြန့်ပွားခဲ့သည်။ အလွန်ပြင်းထန်သည့် ကူးစက်ရောဂါဖြစ်သည်။ ယင်းရောဂါကြောင့် လူ့အသက်ပေါင်းမြောက်မြားစွာ သေကျေပျက်စီးရသည်။ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ ဒေသတစ်ခုမှ ဒေသတစ်ခုသို့ ခရီးသွားလာခြင်းများ ပိတ်လိုက်ရသည်။ ခရီးသွားလုပ်ငန်းများလည်း ရပ်တန့်သွားသည်။ ကုန်စည်ရောင်းဝယ်မှုများလည်း နှောင့်နှေးသွားသည်။ စီးပွားရေးများလည်း ကျဆင်းကုန်သည်။ လူများသည်လည်း စိုးရိမ်စိတ်များဖြင့် နေထိုင်ရလျက်ရှိသည်။ ဆေးဝါးများကောင်းမွန်မှုနှင့် အစိုးရ၊ ကျန်းမာရေးဝန်ထမ်းတို့၏ ကာကွယ် စောင့်ရှောက်မှုများကြောင့် သေပျောက်နှုန်း လျော့ကျပြီး ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် လုံးဝ ကင်းကင်းရှင်းရှင်းပျောက်သွားသည်တော့ မဟုတ်ဘဲ မျိုးဆက်ကွဲပိုးများ ရံဖန်ရံခါဖြစ်ပွားလျက်ရှိသေးသည်။ ထို့ပြင် တချို့သောနိုင်ငံများတွင် မိုးခေါင်ရေရှားမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်၍မရတော့ဘဲ အစာရေစာရှားပါးကာ ငတ်မွတ်ခေါင်းပါးမှုများ ကြုံတွေ့ရသည်။ အချို့သောနိုင်ငံများတွင် ရေလွှမ်းမိုးမှုကြောင့် လူအများဒုက္ခရောက် ကြရသည်လည်းရှိသည်။


အပြစ်မဲ့ပြည်သူ သတ်ဖြတ်ခြင်းခံနေရ

မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ပြည့်နှစ် နှစ်ဆန်း ပိုင်းလောက်မှစတင်ကာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပိုး စတင်ပျံ့နှံ့ဝင်ရောက်လာခြင်းကြောင့် လူအမြောက်အမြားသေကျေခဲ့ကြရသည်။ ကပ်ရောဂါ ဟုဆိုရမည်ဖြစ်သည်။ ထို့ပြင် ၂၀၂၁ ခုနှစ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှုများကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်ကို ထိန်းသိမ်း ရသည့်ကာလ၌ မကျေနပ်မှုများကို အကြောင်းပြကာ လူထုဆန္ဒပြမှုများမှတစ်ဆင့် ဆူပူသောင်းကျန်းမှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများ ဖြစ်ပွားလာ သည်။ ယနေ့တိုင် အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်အောက်ခံ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများစွာ ရက်ရက်စက်စက် သတ်ဖြတ် ခြင်းခံနေရသည်။


နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ တံတားများ၊ လျှပ်စစ်မီးတာဝါတိုင်၊ ဆက်သွယ်ရေးတာဝါတိုင်များ ဖျက်ဆီးခြင်းခံရသည်။ အပြစ်မဲ့ပြည်သူတို့ကို အကြောင်းအမျိုးမျိုးဖြင့်စွပ်စွဲပြီး ရက်စက်စွာ သတ်ဖြတ်ကြသည်။ ရဟန်းသံဃာများကိုပင် သတ်ဖြတ်သည့်ဖြစ်စဉ်များရှိလာသည်။ ပြည်သူလူထုမှာလည်း ထိတ်လန့်စွာ စိုးရိမ်စိတ်ဖြင့် သွားလာလုပ်ကိုင်နေကြရသည်။ နိုင်ငံအတွင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍအားလုံး အဆင်မပြေဖြစ်ကြရသည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအနှောင့်အယှက်ဖြစ်သလို ကမ္ဘာ့အလယ်တွင် နိုင်ငံတော်နှင့် လူမျိုးအတွက်လည်း အရှက်ရဖွယ်ဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးကို ကပ်ဆိုက်သည်၊ ကပ်ဘေးသင့်သည်ဟု ဆိုကြသည်လည်းရှိသည်။


ဗုဒ္ဓမြတ်စွာဘုရား၏ ဟောကြားချက်များအရ ထိုသို့သောကပ်ဆိုးဘေးဆိုးမျိုးသည် ရှေးယခင် ကတည်းကလည်း ဖြစ်ပေါ်ဖူးကြောင်း ကြားနာရသည်။ ဆရာတော်ကြီးများ၏ တရားတော်များမှ တစ်ဆင့် နာယူမှတ်သားမိခြင်းဖြစ်သည်။ ကပ်ဆိုသည်မှာ ပါဠိဘာသာစကားမှ ရယူထားခြင်းဖြစ်ပြီး ဘေးအန္တရာယ်ကြုံတွေ့နေရသည့် အချိန်အတိုင်းအတာတစ်ခုဟု အဓိပ္ပာယ်ရသည်။ ဘုရားရှိခိုးသည့်အခါတွင်လည်း အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရား လေးပါး၊ ဗျဿနတရားငါးပါး စသည်တို့မှ ကင်းလွတ်ပါစေကြောင်း ဆုတောင်းကြသည်။ ငယ်စဉ်ကတည်းကပင် လူကြီးမိဘများ၏ ဆုံးမပြောဆိုမှုများကြောင့် စစ်ပွဲများဖြစ်ပွား၍ လက်နက် အန္တရာယ်ဖြင့် သေကျေပျက်စီးခြင်း - သတ္ထန္တရကပ်၊ အစာရေစာငတ်မွတ်ခေါင်းပါး၍ သေကျေပျက်စီး ရခြင်း - ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂါထူပြောပြီး ကူးစက်၍ သေကျေပျက်စီးရခြင်း - ရောဂန္တရကပ်ဟူ၍လည်း ကြားနာမှတ်သားရသည်။


မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကာလ ဝေသာလီပြည်တွင် ကပ်ကြီးသုံးပါး ကြုံတွေ့ခဲ့ရ သည်ကို ဟောကြားထားသည်။ ဝေသာလီပြည်တွင် မိုးခေါင်ရေရှားသည့် ရာသီဥတုဒဏ်ကြောင့် ကောက်ပဲသီးနှံများ စိုက်ပျိုး၍မရသည့်အခြေအနေ ကြုံတွေ့ရသည်။ ထို့ကြောင့် အစာရေစာရှားပါးပြီး စားရေရိက္ခာပြတ်လပ်ကာ အစာရေစာငတ်မွတ်မှု ဒဏ်ခံကြရသည်။ ဒုဗ္ဘိက္ခန္တရကပ်ဖြစ်သည်။ အစာ ရေစာငတ်မွတ်မှုကြောင့် လူအများမှာ အာဟာရမပြည့်ဝသဖြင့် အနာရောဂါများဖြစ်ပွားကြသည်။ တစ်ဦးမှတစ်ဦး ရောဂါများကူးစက်ပြန့်ပွားကြသည်။ ရောဂါမှာလည်း ပြင်းထန်သဖြင့် သတ္တဝါများ သေကျေပျက်စီးမှုဖြစ်ကြသည်။ ရောဂန္တရကပ်ဖြစ်သည်။ ရှေးယခင်ကာလများကလည်း အဟိဝါတ ရောဂါမျိုးဖြစ်ပွားသည်ဟု ဓမ္မပဒဝတ္ထုများတွင် ဆိုထားသည်။


အဟိဝါတရောဂါသည် မည်သည့်ရောဂါဟု အတိအကျမဆိုထားသော်လည်း အလွန်ပြင်းထန်၍ ကူးစက်မြန်သောရောဂါတစ်မျိုးဟု အဓိပ္ပာယ်ဖွင့်ထားသည်။ ထိုသို့ လူအများသေဆုံးမှုကို အကြောင်း ပြု၍ မကောင်းဆိုးဝါးများ ဝင်ရောက်လာကာရောဂါများ ပိုမိုကူးစက်ပြန့်ပွားအောင် လုပ်ကြသည်။ လူအများ ပို၍အတိဒုက္ခရောက်ကြသည်။ အမနုဿန္တရကပ်ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော် မြတ်စွာဘုရားရှင် သက်ရှိထင်ရှားရှိစဉ်ကာလ ဝေသာလီပြည်တွင် ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်နှင့် အမနုဿန္တရကပ်စသော ကပ်ကြီးသုံးပါး ကြုံတွေ့ခဲ့ရသည်ဟု မှတ်သားရသည်။


လက်နက်အသစ်အဆန်းများ တီထွင်လာကြ

သုတ္တန်တစ်ခုတွင်မူ မြတ်စွာဘုရား ဟောကြား ထားသည်မှာ လောကတွင် လူသားများသည် လက်နက်အသစ်အဆန်းများ တီထွင်လာကြပြီး တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြမည်ဟု ဟောထား သည်။ လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က ဟောကြားထားချက်ဖြစ်သည်။ ဘာကြောင့်ဖြစ်ရ သည်ဆိုသည်ကိုလည်း ဟောပြထားသည်။ လောကတွင် လူသားများသည် အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မတည်းဟူသော ကာမဂုဏ်အာရုံနှင့် ပတ်သက်၍ လွန်ကျူးစွာမှားယွင်းမှုကြောင့်ဟု ဟောထားသည်။ အဓမ္မရာဂဆိုသည်မှာ တရားမဲ့ တပ်မက်မှုကိုဆိုလိုသည်။ ကာမဂုဏ်နှင့်ပတ်သက်၍ သားက အမေအပေါ်၊ အမေက သားအပေါ်၊ အဖေက သမီးအပေါ်၊ မောင်နှမအချင်းချင်းအပေါ် ကိလေသာ စိတ်များပေါ်ပေါက်ကျူးလွန်ကြသည်။ ယုတ်ညံ့ သည့်စိတ်များ လွှမ်းမိုးလာသည်။ ဝိသမလောဘ ဆိုသည်မှာ ကာမဂုဏ်အာရုံစိတ်များ သာမန်ထက် လွန်ကဲမှုဟုဆိုသည်။ မိစ္ဆာဓမ္မဆိုသည်မှာ မှားယွင်း သည့်အကျင့် ဥပမာ - လိင်တူဆက်ဆံမှုမျိုးကိုဆိုလို သည်။ ယနေ့ခေတ်တွင်လည်း ကာမဂုဏ်ဖောက်ပြန် မှုနှင့်ပတ်သက်၍ သတင်းများ ကြားသိမြင်တွေ့နေရ သည်။ လူမှုကွန်ရက်များတွင် ကာမရာဂစိတ် နိုးကြွ စေသည့် ဆေးပစ္စည်းများ ပေါ်ပေါ်ထင်ထင် ကြော်ငြာရောင်းချနေသည်များလည်း တွေ့ရသည်။


မြတ်စွာဘုရားက ထိုသို့သော အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မ စသည်တို့လွှမ်းမိုးလာမှုကြောင့် လူတို့၏စိတ်များ ဖောက်ပြန်လာမည်။ အငြိုး အတေးမုန်းတီးမှုများ များပြားလာကြမည်။ ထိုအခါ လက်နက်အသစ်အဆန်းများ တီထွင်ပြီး တစ်ဦးကိုတစ်ဦး သတ်ကြဖြတ်ကြမည်ဟု ဟောကြားခဲ့သည်။ ယနေ့ခေတ်တွင် နည်းပညာတိုးတက်မှုနှင့်အတူ လူအမြောက်အမြား သေကျေစေနိုင်သော လက်နက်ပစ္စည်းများ အပြိုင်အဆိုင်ထုတ်လုပ်သုံးစွဲ လာကြသည်။ ထိုလက်နက်ဆန်းများ အသုံးပြု စမ်းသပ်နိုင်ရန် စစ်ပွဲများ ဖန်တီးလာကြသည်။ တစ်ဖန်အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်သမားဟူ၍ပေါ်ပေါက်လာပြီး မိုင်းထောင်၊ ဗုံးခွဲ၊ လက်နက်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုများဖြစ်လာသည်။ လက်နက်များ၏ ဘေးရန်ကြောင့် သေကျေပျက်စီးမှုဖြစ်ရသည့်အတွက် သတ္ထန္တရကပ်ဟု ခေါ်ဆိုရမည်ဖြစ်သည်။


ထို့ပြင် ထိုသို့သောလူသားများ၏ အကျင့်သီလ ပျက်ယွင်းမှုကြောင့် မိုးလေဝသမမှန်တော့ဘဲ ရာသီဥတုဖောက်ပြန်ပျက်စီးသည်။ ထို့ကြောင့် စိုက်ပျိုး ရေးလုပ်ငန်းများ ပျက်စီးရသည်။ ထိုအခါ အစာ ရေစာ ရှားပါးငတ်မွတ်မှုဒဏ်ကြောင့် လူများသေကျေပျက်စီးကြသည်။ ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်ခြင်းဖြစ်သည်။ ယခုလတ်တလောတွင် ကြုံတွေ့နေရသော ကိုဗစ် - ၁၉ ကူးစက်ရောဂါသည် လည်း ကပ်ရောဂါတစ်မျိုးဟု ဆိုရပေမည်။ ရောဂန္တရကပ်ဖြစ်သည်။


အနှံ့အပြားတွင် စစ်ပွဲများဖြစ်ပွား

သုတ္တန်တစ်ခုတွင်မူ ကပ်ကြီးသုံးပါးဖြစ်ရသည်မှာ စစ်ဘေး၊ မီးဘေး၊ ရေဘေးတို့ကြောင့်ဖြစ်ရ သည်ဟုဟောထားသည်။ သမိုင်းကိုကြည့်ပြန်လျှင်လည်း ကမ္ဘာ့ဒေသနေရာအနှံ့အပြားတွင် ခေတ်ကာလအလိုက် စစ်ပွဲများဖြစ်ပွားသည်ကို တွေ့ရသည်။ ပြည်တွင်းစစ်၊ ဒေသအလိုက် စစ်ပွဲများမှသည် ကမ္ဘာစစ်ကြီးများအထိဖြစ်ပွားသည်ကို တွေ့ရသည်။ စစ်ပွဲများကြောင့် လူအများအပြားသေကျေကြ သည်။ ပျက်စီးဆုံးရှုံးမှုများလည်း ကြီးမားသည်။ အသက်မသေသော်လည်း စစ်ဘေးဒဏ်ကြောင့် အတိဒုက္ခရောက်ကြသူများ အများအပြားရှိသည်။ ဤသည်ကိုလည်း ကပ်ဘေးဟုခေါ်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် လေမုန်တိုင်း ဒဏ်ကြောင့် သေကျေပျက်စီးမှုများလည်းရှိသည်။ တချို့သောဒေသများတွင် ရေလွှမ်းမိုးမှုကြောင့် သေကျေပျက်စီးမှုများကိုလည်း တွေ့ရသည်။ ထို့ကြောင့်လည်း စစ်ဘေး၊ လေဘေး၊ ရေဘေးတို့ကို ကပ်ဆိုး၊ ဘေးဆိုးအဖြစ် သတ်မှတ်ဟောကြားထားသည်ကို နာယူရသည်။


သုတ္တန်တစ်ခုတွင် လူသားများနှင့် သဘာဝပတ်ဝန်းကျင် ဆက်စပ်နေပုံများကို ဟောကြားထား သည်ကိုလည်း နာယူမှတ်သားရသည်။ ယခုခေတ်တွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် အိုဇုန်းလွှာပေါက်ကာ ရာသီဥတုဖောက်ပြန်မှုများကို လေ့လာသုတေသနပြုဖော်ထုတ်သည်။ မြတ်စွာ ဘုရားရှင်က ရှေးယခင်ကပင် ကြိုတင်ဟောပြော တော်မူခဲ့သည်။ လောကတွင် လူသားများ ကိုယ်ကျင့် သီလစောင့်ထိန်းမှုမရှိဘဲ ကိုယ်ကျင့်တရားများ ပျက်ပြားလာလျှင် စကြဝဠာအတွင်းရှိ ဂြိုဟ်အနေ အထားလမ်းကြောင်းများပြောင်းလဲပြီး နက္ခတ်တာရာတို့သည်လည်း လမ်းကြောင်းတိမ်းလွဲခြင်း များဖြစ်မည်။ ရာသီဥတုပုံမှန်မဟုတ်တော့ဘဲ ဖောက်ပြန်လာမည်ဟု ဟောခဲ့သည်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မည်။ ထို့ကြောင့် စားရေရိက္ခာဖူလုံမှုမရှိ တော့ဘဲ လူသားတို့ အာဟာရမပြည့်ဝမှုကြောင့် ကျန်းမာရေးထိခိုက်လာမည်။ ရောဂါဘယများ ထူပြောလာမည်။ လူတို့၏သက်တမ်းပါ တိုလာ မည်ဟု ဟောကြားခဲ့သည်။


ဂေါတမမြတ်စွာဘုရားပွင့်တော်မူသည့် ကာလသည် ကလိယုဂဟုဆိုသည်။ ဆုတ်ခေတ်ကာလ ဖြစ်သည်။ ကိုယ်ကျင့်သီလပျက်ပြားသည့်သူများ များပြားနေသည့်အတွက် ဖြစ်သည်ဟုဆိုသည်။ ခြေထောက်လေးချောင်းရှိသည့် စားပွဲတစ်ခုတွင် ခြေထောက်သုံးချောင်း ကျိုးနေသည့်အနေအထား ဖြင့် ဥပမာပေးထားသည်။ ဆိုလိုသည်မှာ လောက လူသားများအနက် လေးပုံသုံးပုံသည် ကိုယ်ကျင့် သီလပျက်ပြားပြီး လေးပုံတစ်ပုံခန့်သာ ကိုယ်ကျင့် သီလကောင်းသည့် လူကောင်းများရှိသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ရိုင်းစိုင်းရက်စက်မှုများ၊ သတ်ဖြတ်မှုများ ပေါများလာခြင်းဖြစ်သည်။ ရာသီဥတုသည်လည်း ဆိုးသည်ထက်ဆိုးလာသည်။ လူတို့၏သက်တမ်းသည်လည်း တိုသည်ထက် တိုလာသည်။ လူသားများ၏လုပ်ရပ်များကြောင့် ယခုလိုအကျိုးဆက်ဖြစ်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။ ကိုယ်လုပ်တာကိုယ်ရသည့်သဘောဖြစ် သည်။ မကောင်းတာလုပ် သည့်သူများသည့်အတွက် မကောင်းသည့်ဆိုးကျိုးများရလာခြင်းဖြစ်သည်။ ကမ္ဘာမပျက်သေးသော်လည်း ကမ္ဘာပေါ်ရှိလူသားများ အတိဒုက္ခရောက်နေရသည့်အနေအထားဖြစ်သည်။ လူသားအများစု ကိုယ်ကျင့်သီလများ ကောင်းမွန်လာသည့်အချိန်ကာလမျိုး ရောက်ရှိလာသည့်အခါတွင် ပြန်လည်၍ အေးချမ်းသာယာလာ မည်ဟုဆိုသည်။


ထိုသို့ဖြစ်ရခြင်းမှာ လူသားများ ကိုယ်ကျင့် တရားပျက်ပြားလာပြီး လောဘ၊ ဒေါသ၊ မောဟစိတ်များ လွှမ်းမိုးလာမှုကြောင့်ဟုဆိုသည်။ လူသားများ၏ လိုအပ်ချက်များ များပြားလာပြီး ထိုလိုအပ်ချက်များကို ဖြည့်ဆည်း၍မဆုံးနိုင်ဖြစ်ကြမည်။ လိုအပ် ချက်များလေ လောဘကြီးလေဖြစ်သည်။ လောက ကြီးတွင် လူအများစုသည် လိုသည်ထက်ပိုပြီး ရှိအောင်ကြိုးစားနေကြသည်။ ဒါတွေသည် လောဘ စိတ်ဖြစ်သည်။ လောဘနောက်က ဒေါသစိတ် လိုက်လာတတ်သည်။ သံသရာမှာ လောဘ၊ ဒေါသ၊ မောဟတွေများနေလျှင် ကပ်ဆိုးဘေးဆိုးများ ကြုံတွေ့ရမှာပဲဟု မြတ်စွာဘုရားဟောကြားထား သည်။ လောဘသည် အတောသတ်သည်မရှိ၊ တမြည့်မြည့်လောင်ကျွမ်းနေသောမီးနှင့်တူသည်။ ဒေါသမီးကတော့ ဖြစ်တုန်းခဏပဲဖြစ်သည်။ ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟစိတ်များ လူများအပေါ် လွှမ်းမိုးလာလျှင် အမုန်းစိတ်များ များပြားလာပြီး ပြင်းထန်သည့်အမုန်းစိတ်များကြောင့် ကမ္ဘာကြီးပျက်စီးသည်အထိ ဖြစ်နိုင်သည်ဟု ဟောထားသည်လည်းရှိသည်။


ပစ္စုပ္ပန်ဘဝ၊ နောင်ဘဝနှစ်ခုလုံးအကျိုးကို ဖျက်ဆီး

သုတ္တန်တစ်ခုတွင်မူ မြတ်စွာဘုရားက ထိုသို့သော ကပ်ဆိုး၊ ဘေးဆိုးများသည် လူမိုက်များ ကြောင့်ဖြစ်ရသည်ဟု ဟောထားသည်ကို တွေ့ရသည်။ လူမိုက်ဆိုသည်မှာ မလိမ္မာသောသူ၊ ဆိုးသွမ်း သောသူဟုနားလည်ထားကြသည်။ အမှန်မှာ လိမ္မာသော်လည်း အသိဉာဏ်ဆင်ခြင်တုံကင်းမဲ့သောသူ၊ မသိတတ်သောသူတို့ကို ရည်ညွှန်းသည်။ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိသည့် နလပိန်းတုံးကို လူမိုက်ဟု ဆိုသည်။ ဗာလဟုလည်းခေါ်သည်။ ဗာဆိုသည်မှာ နှစ်ဂဏန်းဖြစ်ပြီး လဆိုသည်မှာ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဗာလဆိုသည်မှာ အကျိုးနှစ်မျိုးကို ဖျက်ဆီးသည့်သူဟုဆိုလိုသည်။ ပစ္စုပ္ပန်ဘဝ၊ နောင်ဘဝနှစ်ခုလုံးအကျိုးကို ဖျက်ဆီးသည့်သူ၊ ပစ္စုပ္ပန်ဘဝ၊ နောင်ဘဝနှစ်ခုလုံးအတွက် အကျိုးမဲ့နှစ်မျိုးယူတတ်သူဟု အဓိပ္ပာယ်ရသည်။


ယနေ့ခေတ်တွင် အတုပြုရောင်းချနေမှုများတွေ့နေ

တစ်နည်းအားဖြင့် နှာခေါင်းမှ အသက်ရှူရုံသာရှူနေပြီး အသက်ရှင်နေသူ၊ အသိဉာဏ်မရှိသော သူကို ဗာလဟုခေါ်သည်။ ထင်ရာလုပ်ပြီး အများကို ဒုက္ခပေးသည့်သူဖြစ်သည်။ ယနေ့ခေတ်တွင်လည်း လူသားများ၏ လောဘလွန်ကဲမှု၊ ကိုယ်ကျင့်တရား ပျက်စီးမှုတို့ကြောင့် ဆေးဝါးများ၊ အစားအစာများ ကိုပင် အတုပြုလုပ်၍ လိမ်လည်ရောင်းချနေမှုများ တွေ့နေရသည်။ အသားငါးများ၊ အသီးအရွက်များကို ဓာတုဆေးဝါးများ အသုံးပြု၍ရောင်းချနေကြသည်။ ဆေးမသုံးသောအစားအစာပင် ရှားပါးနေပြီဟုလည်း ဆိုကြသည်။ ထိုအစားအစာ၊ ဆေးဝါးများကို စားသုံးမိပါက အာဟာရဖြစ်ရမည့်အစား ကျန်းမာ ရေးအတွက်ပင် ထိခိုက်အန္တရာယ်ဖြစ်နိုင်သည်။ ထို့ကြောင့်လည်း လူမိုက်မိတ်ဆွေများကို မပေါင်း သင့်ဘဲ ပညာရှိရန်သူကို ပေါင်းသည်ကမှ အကျိုးရှိနိုင်သည်ဟု ဆိုကြသည်။


သံသရာထဲတွင် ဘဝတစ်ခုရရှိထားသည့် ပုဂ္ဂိုလ်သည် ခေတ်ကာလအလိုက် ဘေးဆိုး၊ ရန်ဆိုးကပ်မျိုးများ ရံဖန်ရံခါ ကြုံတွေ့ရတတ်သည်။ ထိုသို့တွေ့ကြုံရသည့်အခါ ကံမကောင်း အကြောင်းမလှ၍ဟု ပြော၍မရတော့ဘဲ သံသရာဝဋ်ဆင်းရဲထဲမှာ သတ္တဝါတစ်ဦးဖြစ်ရခြင်း၏အပြစ်ဟု ဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကပ်ဆိုး၊ ဘေးဆိုးသည် တစ်ဦးတစ်ယောက်တည်းကိုသာမဟုတ်၊ ကမ္ဘာပေါ်ရှိ နေရာဒေသမရွေး လူအများစုအပေါ် ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ သံသရာသည် ဒီလောက်ရှည်ကြာနေသည့်အတွက် အကုသိုလ်နှင့်ကင်းသည့်ပုဂ္ဂိုလ်မရှိနိုင်ဟုဆိုသည်။ အကုသိုလ် ဆိုသည်မှာလည်း အခွင့်အရေးရသည်နှင့် အကျိုး ပေးတတ်သည့်သဘောရှိသည်။


ကပ်ဆိုး၊ ဘေးဆိုးသည် ဒေသမရွေးဖြစ်ပေါ်နိုင်

ကပ်ဆိုး၊ ဘေးဆိုးသည် ယခုခေတ်ကာလမှသာ ကြုံတွေ့ရသည်မဟုတ်ဘဲ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလကတည်းက ရှိခဲ့သည်ဟု မှတ်သားရသည်။ ကပ်ဆိုး၊ ဘေးဆိုးသည် လူတစ်ဦးချင်းအတွက်သာမဟုတ်ဘဲ လူအများစုတွေ့ကြုံခံစားရပြီး ဒေသမရွေးဖြစ်ပေါ်နိုင်သည်။ အမြဲတမ်းမဟုတ်ဘဲ အချိန်အတိုင်းအတာကာလ တစ်ခုအထိ ဖြစ်ပေါ်နိုင်သည်။ လက်ရှိကာလတွင် မျက်မြင်တွေ့ကြုံရမှုအနေအထားအရ နည်းပညာနှင့် ပေါင်းစပ်စူးစမ်းလေ့လာပြီး ကပ်ဆိုး၊ ဘေးဆိုးမှ လွတ်မြောက်ကျော်လွှားရန် ဆောင်ရွက်လျက်ရှိကြသည်။ အတိုင်းအတာတစ်ခုအထိ တားဆီးထိန်းသိမ်း နိုင်ပြီဟု ဆိုရပါမည်။


ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ နေထိုင်ခြင်းဖြင့် လည်း တစ်ဖက်တစ်လမ်းမှ ကပ်ဆိုး၊ ဘေးဆိုးအန္တရာယ်ကို ကာကွယ်တားဆီးကျော်လွှားနိုင်မည်ဟု ယုံကြည်ပါသည်။ မြတ်စွာဘုရားသည် လူသားတို့၏ လက်ရှိဘဝအကျိုး၊ တမလွန်ဘဝအကျိုး၊ နိဗ္ဗာန်ရရှိစေရေးအကျိုးတို့အတွက် တရားတော် များဟောကြား၍ သွန်သင်ဆုံးမပေးထားသည်။ အခြေအနေကောင်းများ လမ်းဖွင့်ပေးထားသည်။ ကောင်းကျိုးတရားရရှိစေရန် လုပ်ဆောင်ရမည့် နည်းလမ်း၊ ရှောင်ကြဉ်ရမည့်နည်းလမ်းများကို ဟောပြောဆုံးမထားသည်။ လူသားတို့အနေဖြင့် တစ်ဦးချင်းကိုယ်စီ ကိုယ်တိုင်ကြိုးစားလိုက်နာ ကျင့်ကြံမှသာ ကောင်းကျိုးရရှိနိုင်မည်ဖြစ်သည်။


ဗုဒ္ဓမြတ်စွာဘုရားက ယခုလိုကပ်ဆိုး၊ ဘေးဆိုးများကို ယာယီဖြေရှင်းနိုင်ရန်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ ပွားများရမည်။ လောဘ၊ ဒေါသ၊ မောဟ စသည့်စိတ်များ ကင်းဝေး အောင် စောင့်ထိန်းရမည်။ ကိုယ်ကျင့်သီလ၊ ကိုယ်ကျင့်တရားများ ကောင်းမွန်အောင် ကျင့်ကြံနေထိုင်ရမည်။ မြင့်မြတ်သောသီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်တို့ကို ပွားများအားထုတ်ကြရန် တိုက်တွန်းထားသည်။ သင်္ခါရသဘောတရား အရမည်သည့်အရာမှမမြဲသည်ကို သတိမူပြီး မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်ကြံအားထုတ်ရန် ဟောကြားထားပါသည်။ လူသားများအနေဖြင့် ကိုယ်စီ ကိုယ်ကျင့်သီလ၊ ကိုယ်ကျင့်တရားများ ကောင်းမွန်လာပြီး လောဘ၊ ဒေါသ၊ မောဟများ လျော့ပါး ကင်းစင်လာပါက လူသားတို့၏သက်တမ်းသည်ပင် ငြီးငွေ့စရာကောင်းလောက်အောင် ရှည်လာမည်ဟု ဟောကြားထားသည်ကိုလည်း ကြားနာရပါသည်။


ထို့ကြောင့် လောကလူသားအပေါင်းတို့သည် မြတ်ဗုဒ္ဓ၏အဆုံးအမအတိုင်း ကိုယ်ကျင့်သီလ ကောင်းအောင် ဆောက်တည်ကာ လောဘ၊ ဒေါသ၊ မောဟများ လျော့နည်းပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ ပွားများတိုးတက် အောင် ကျင့်ကြံအားထုတ်ခြင်းဖြင့် ကပ်ဆိုး၊ ဘေးဆိုး ရန်များကို ကျော်လွှားနိုင်ကာ တည်ငြိမ်အေးချမ်းသာယာသော လောကဖြစ်အောင် တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ ။


{ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး အရှင်နန္ဒ မာလာဘိဝံသ (Ph.D) ၏ ကပ်ကြီးသုံးပါး ကျော်လွှား ရေးတရားတော်အား မှီငြမ်းကိုးကားရေးသားခြင်း ဖြစ်ပါသည်။}


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)