နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ပြန်လည်ပြုပြင်မွမ်းမံပြီးသော ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သိမ်ကျောင်းဆောင်နှင့် တစ်ပါးကျောင်း ဆောင်နှစ်ဆောင် ရေစက်ချမင်္ဂလာ အခမ်းအနား တက်ရောက်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ပြန်လည်ပြုပြင်မွမ်းမံပြီးသော ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သိမ်ကျောင်းဆောင်နှင့် တစ်ပါးကျောင်း ဆောင်နှစ်ဆောင် ရေစက်ချမင်္ဂလာ အခမ်းအနား တက်ရောက်ကြည်ညို


MNP ၊ ဇူလိုင်  ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်တိုင်း စစ်ဌာနချုပ်က ပြန်လည်ပြုပြင် မွမ်းမံပြီးသော ဓမ္မာရုံ၊ ဆွမ်းစား ဆောင်၊ သိမ်ကျောင်းဆောင်နှင့် တစ်ပါးကျောင်းဆောင်နှစ်ဆောင် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပရာ လယ်ဝေးမြို့နယ် သံဃနာယကအဖွဲ့ဝင် ဝင်တဲ ကူးကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပသန္နာစာရ မထေရ်မြတ် အမှူးပြုသော ဆရာတော် သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မှုကြသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်မိသားစုများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် အမှူးပြုသော ဧည့်ပရိသတ်များက လယ်ဝေး မြို့နယ်၊ သံဃနာယကအဖွဲ့ဝင် ဝင်တဲကူးကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပသန္နာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်တို့က ချီးမြှင့်တော်မူအပ်သော အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင် အမှူးပြုသော ဧည့်ပရိသတ်များက လယ်ဝေးမြို့နယ်၊ သံဃနာယကအဖွဲ့ဝင်  ဝင်တဲကူးကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပသ န္နာစာရထံမှ အနုမောဒနာ တရားနာကြားပြီး အောင်မြင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြန်လည် ပြုပြင်မွမ်းမံပြီးသော ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သိမ်ကျောင်းဆောင်နှင့်တစ်ပါး ကျောင်းဆောင်နှစ်ဆောင် တို့အား လှူဒါန်းမှု အတွက်ရေစက် သွန်းချ အမျှပေးဝေကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများတွင် ဧပြီလ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ သာသနိက အဆောက်အဦများ၊ စာသင်ကျောင်းနှင့် ကျန်းမာရေး ဌာနအဆောက်အဦများ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရာ အောင်မြင်ကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌  ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သိမ်ကျောင်းဆောင်နှင့် တစ်ပါးကျောင်းဆောင် နှစ်ဆောင်တို့အား ပြန်လည်ပြုပြင် မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တာဝန်ယူ၍ စုစုပေါင်း ငွေကျပ်သိန်း ၁၀၀၀ ကျော် ကုန်ကျခံ တည်ဆောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တံတားဦးကျေးရွာနှင့် အောင်မြင် ကုန်းကျေးရွာအတွက် မန်ကျည်းပင် ပျိုးပင်များနှင့် မျိုးစေ့များကို ကျေးရွာ အတွင်းအပြင်များတွင် စိုက်ပျိုးနိုင်ရန်အတွက် ပေးအပ်ခဲ့သည်။ အဆိုပါကျေးရွာနှစ်ရွာတွင် ကျေးရွာပြည်သူများအနေဖြင့်  မိမိတို့နေအိမ်များအား ထောက်ပံ့ပေးအပ်ခဲ့သည့် သစ်များ၊ သွပ်များနှင့် ပြန်လည် တည်ဆောက်နေထိုင်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)