မြန်မာရေးရာလေ့လာရေးအဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာရေးရာလေ့လာရေးအဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ




MNP ၊ ဇူလိုင် ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြန်မာရေးရာလေ့လာရေး အဖွဲ့၏ (၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ Sky Star ဟိုတယ်၌ ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာရေးရာလေ့လာရေးအဖွဲ့ဝင်များ၊ ပြင်ပပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် မြန်မာရေးရာအဖွဲ့ကထုတ်ဝေသော စာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှု လေ့လာကြသည်။


ထို့နောက် မြန်မာရေးရာလေ့လာရေးအဖွဲ့၏ နိုင်ငံ့အရေး စုဝေးပေါင်းစပ်သုံးသပ်လေ့လာ မြန်မာရေးရာ ဗီဒီယိုကလစ်နှင့် စုပေါင်းမှုအင်အား၏ရလဒ် ဗီဒီယိုကလစ်တို့ကို ပြသသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာရေးရာလေ့လာရေးအဖွဲ့ကို ၂၀၁၆ ခုနှစ် ဇွန် ၁၅ ရက်မှစပြီးဖွဲ့စည်းကာ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် အကျိုးသက်ရောက်မှုများအပေါ် ရှုထောင့်ပေါင်းစုံမှသုံးသပ်ပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုရင် ခုနစ်နှစ်တိုင်ခဲ့ပြီဖြစ်သည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။


မြန်မာရေးရာလေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများ၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ ဓလေ့၊ ရိုးရာ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ကမ္ဘာတစ်လွှားဖြစ်ပေါ်လျက်ရှိသည့် ထင်ရှားသော ဖြစ်စဉ်ဖြစ်ရပ်အခြေအနေများ၊ မျက်မှောက်ခေတ်ကမ္ဘာကြီး၏ စိတ်ဝင်စားစရာများကို သိရှိနိုင်ရန်အတွက် မြန်မာရေးရာစာစောင်ကို သုံးလတစ်ကြိမ်၊ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများရှိ ထင်ရှားသည့်ဖြစ်စဉ်၊ ဖြစ်ရပ်များအကြောင်းသိရှိစေရန်အတွက် ကမ္ဘာရေးရာစာစောင်ကို နှစ်လတစ်ကြိမ်၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့်တိုင်းရင်းသားများ၏ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုများအကြောင်း သိနိုင်ရန်အတွက် တိုင်းရင်းသားရေးရာစာစောင်ကို လေးလတစ်ကြိမ် ထုတ်ဝေလျက်ရှိပါကြောင်း။


ယခုအခါ မြန်မာရေးရာစာစောင်၊ ကမ္ဘာရေးရာစာစောင်နှင့် တိုင်းရင်းသားရေးရာစာစောင်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍများနှင့် ဥပဒေ ကဏ္ဍများကို အဓိကကဏ္ဍအဖြစ် ဖော်ပြပေးလျက်ရှိပြီး တိုင်းရင်းသားများ၏ ရိုးရာဓလေ့ယဉ်ကျေးမှု၊ စာပေ၊ အနုပညာကဏ္ဍများကိုလည်း အချိန်အခါအလိုက် ဖော်ပြပေးလျက်ရှိနေပါကြောင်း၊ ယခုဆိုလျှင် မြန်မာရေးရာစာစောင် အမှတ်(၂၃)အထိ၊ ကမ္ဘာရေးရာစာစောင် အမှတ်(၂၀)အထိ၊ တိုင်းရင်းသားရေးရာစာစောင် အမှတ်(၁၁)အထိ ထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း။


မြန်မာရေးရာလေ့လာရေးအဖွဲ့သည် သုတေသနပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အမြင်များကိုစုစည်းပြီး မြန်မာရေးရာ၊ တိုင်းရင်းသား ရေးရာနှင့်ကမ္ဘာရေးရာစာစောင်သုံးစောင်ကို မည်သည့်အခက်အခဲများရှိနေပါစေ သတ်မှတ်ထားသည့် လအပိုင်းအခြားအလိုက် ပုံမှန်ထုတ်ဝေပေးနေသည့်အတွက် မြန်မာရေးရာလေ့လာရေးအဖွဲ့ကို ချီးကျူးမှတ်တမ်းတင်ပါကြောင်း။


ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များပြောပါဆိုလျှင် သုတေသန လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံတချို့နှင့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းတွင် သုတေသနလုပ်ငန်းကို အလေးထားလုပ်ဆောင်နေကြသည်ကို အားလုံးတွေ့ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ကဏ္ဍအလိုက် သုတေသနလုပ်ငန်းများကို အထူးပြုလုပ်ဆောင်နေကြပြီး မူဝါဒချမှတ်သူများအနေဖြင့် သုတေသနတွေ့ရှိချက် (research-based)များအပေါ် အခြေခံသည့် အကြံပြုချက်များ၊ သုံးသပ်ချက်များကို အလေးထားပြီး မူဝါဒများ ချမှတ်လာကြသည်ကို တွေ့ရှိရပါကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် မြန်မာရေးရာ လေ့လာရေးအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ရေးရာစာစောင်များကို စာမူအရည်အသွေးအရရော၊ ပုံနှိပ်အရည်အသွေးအရပါ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ စာအုပ်စာစောင်များကို ငွေကြေးအကျိုးအမြတ်အတွက် ထုတ်ဝေခြင်းမျိုး မဟုတ်ဘဲ အများပြည်သူဗဟုသုတရရှိစေရန်နှင့် သုတေသနပြု ရည်ညွှန်းကိုးကားနိုင်ရန်အတွက် ရည်ရွယ်ထုတ်ဝေနေခြင်းဖြစ်ည်ဟုလည်း ပြောကြားလိုပါကြောင်း။


၂၀၂၂ ခုနှစ်အတွင်း မြန်မာရေးရာလေ့လာရေးအဖွဲ့ သုတေသနပညာရှင်များဖြစ်သော ဆရာကိုကို ဦးစီး ကျင်းပခဲ့သည့် “မြန်မာနှင့်အာဆီယံဆက်ဆံရေးအကျိုးအပြစ်” ဆွေးနွေးပွဲ၊ ဆရာ ဦးရန်ကျော် ဦးစီးကျင်းပခဲ့သည့် “လက်ရှိအရွေ့ကို ဘယ်လိုရွှေ့ကြမလဲ”၊ ဆရာ ဦးမောင်မောင်မြင့်သိန်း ဦးစီးကျင်းပခဲ့သည့် “ ရုရှား-ယူကရိန်း ပဋိပက္ခနှင့် ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုများ” ဆွေးနွေးပွဲများမှ နိုင်ငံတော်အတွက် အမှန်တကယ်ကောင်းမွန်အကျိုးရှိသည့် သုံးသပ်၊ အကြံပြုချက်များ မိမိတို့ရရှိခဲ့ပါကြောင်း ပြောကြားသည်။


ယင်းနောက် မြန်မာရေးရာစာစောင်တွင် ရေးသားသည့် စာပေပညာရှင် ဦးကျော်ကျော်လှိုင် (ကျော်ကျော်လှိုင် - Smart) က ဝမ်းမြောက်စကားပြောကြားသည်။


အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


ယနေ့ ညနေ ၅ နာရီခွဲက ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် Western Park ၌ ကျင်းပသည့် ၂၀၂၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲတွင် အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆုရရှိသည့် ဝေးမနေချင်ဘူး ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်၍ အနုပညာရှင်များအား ရင်းရင်းနှီးနှီးအားပေး နှုတ်ဆက်ခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)