မာရဝိဇယကျောင်းတော် ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယကျောင်းတော် ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားကျင်းပ










MNP ၊ ဇူလိုင် ၃၀

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထု ကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ကျောင်းလွှတ်ပူဇာမင်္ဂလာအခမ်းအနား ကိုယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်ကြီးများ၊ မာရဝိဇယကျောင်းတော်တွင် သီတင်းသုံးတော် မူကြမည့် ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ပူဇော်ကြသည်။

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယ ကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီးနှင့် ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်သည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မာရဝိဇယ ကျောင်းဆောင်တော်တွင် သီတင်းသုံးတော်မူကြမည့် ဆရာတော် ၅ ပါး၏ ဘွဲ့တော်နှင့် ထေရုပတ္တိအကျဉ်းတို့ကို တင်ပြသည်။

ယင်းနောက် အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက ပါဠိဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မင်္ဂလသုတ်၊ မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက်အခမ်းအနားမှူးက ကျောင်းအပ်စာတမ်းလွှာကို ဖတ်ကြားလျှောက်ထားပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မိသားစုများက ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒ ထံ ကျောင်းအပ်စာတမ်းလွှာကို ဆက်ကပ်ပြီး သာဓုအနုမောဒနာ ခေါ်ဆိုကြသည်။

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပါဠိဆရာတော်ဘုရားကြီးနှင့် ကျောင်းထိုင် ဆရာတော်ထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပါဠိဆရာတော်ကြီးထံမှ ကျောင်းလွှတ်ပူဇာအနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးတို့က အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုးခဲ့ကြသည်။

၎င်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး ၊ မိသားစုဝင်များ၊ အခမ်းအနားတက်ရောက်လာကြသူများသည် ပါဠိဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

မာရဝိဇယကျောင်းတော်သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ အမှူးပြုသော ခုနှစ်ရက်သားသမီး ဓမ္မမိတ်ဆွေ အလှူရှင်များ စုပေါင်း တည်ဆောက်လှူဒါန်းခဲ့သည့် ဘုန်းတော်ကြီးကျောင်းဖြစ်ကြောင်း၊ အဆိုပါကျောင်းတော်အတွင်း ဘုရားခန်း၊ စာချ၊ ဝတ်ပြုခြင်းများပြုလုပ်ရန်နေရာ၊ အိပ်ခန်းများ၊ စာကြည့်တိုက်နှင့် စာဖတ်ခန်းများ၊ ဆွမ်းစားခန်း၊ သန့်စင်ခန်းများ၊ ဆွမ်းချက်ဆောင်နှင့် ကပ္ပိယဆောင်များကို စနစ်တကျဖြင့် ပြည့်စုံစွာထည့်သွင်း တည်ဆောက်ထားရှိသဖြင့် သံဃာတော်များ သပ္ပါယမျှတစွာဖြင့် သီတင်းသုံးနိုင်မည်ဖြစ်ကြောင်းနှင့် ကျောင်းလွှတ်ပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)