MSMEs ပြန်လည်မြှင့်တင်ရေးစိတ်ကူးများမှသည် . . . - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

MSMEs ပြန်လည်မြှင့်တင်ရေးစိတ်ကူးများမှသည် . . .

014

မိုးကေနိုင်

ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့်ကမ္ဘာကြီးတွင် လူသားများ၏ လိုအပ်ချက်ကလည်း ကြီးမားလာနေသည်။ ကိုဗစ်ကပ်နှင့် ကမ္ဘာ့ပဋိပက္ခဂယက်များက နိုင်ငံတိုင်းတွင် စီးပွားရေး ပိုမိုခိုင်မာအားကောင်းရန် လိုအပ်ချက်များစွာ ရှိလာနေကြောင်း ကို အချက်အလက်များက ပြသနေသည်။

နိုင်ငံအချို့တွင် စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုနှင့်အတူ စီးပွားရေး မူဝါဒအပြောင်းအလဲများ မဖြစ်မနေ ပြုလုပ်လာကြရသည်။ ကုန်ပစ္စည်းအမျိုး အမည်အပေါ် မူတည်၍ ထုတ်လုပ်နိုင် စွမ်း၊ ဝယ်လိုစွမ်းအားများ ပြောင်းလဲလာ နေသည်။ ပြိုင်ဆိုင်မှုများ ပြင်းထန်နေချိန်၊ အကျပ်အတည်းကာလ ရောက်လာချိန် တွင် သမားရိုးကျစဉ်းစား၍မရ၊ တီထွင် ဆန်းသစ်မှုများ ပြုလုပ်ရမြဲဖြစ်သည်။ သို့မှသာ နိုင်ငံတကာ စီးပွားရေးလောကထဲ ဝင်ဆံ့နိုင်မည်ဖြစ်သည်။ သို့မှသာ မိမိပြည်သူများ၏ လူမှုစီးပွားဘဝလိုအပ် ချက်များစွာကို ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာမှု အတွက်လည်း အာမခံ နိုင်မည်ဖြစ်သည်။


စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး ဆင်းရဲမှု ပပျောက်ရေး ဦးတည်ချက်များအောက် က MSMEs

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု အခြေအနေသည် ပြည်ပတင်ပို့မှု၊ တင်သွင်းမှု မျှတမှုအပေါ်များစွာ တည်မီသည်။ တင်ပို့မှု၊ တင်သွင်းမှုကွာဟချက် တစ်နည်းသွင်းကုန်က ပို့ကုန်ထက်များပြားလွန်းလျှင် တိုင်းပြည်စီးပွားရေးတွင် Trade deficit အနုတ်လက္ခဏာကိုသာ မြင်ရမည်။ ကျေးလက်ဒေသနေ တိုင်းပြည်၏ ထုတ်လုပ်မှုအင်အားစုက ၇၀ ရာခိုင်နှုန်း ခန့်ရှိနေပြီး မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက် သစ်တောသယံဇာတပေါများ ကြွယ်ဝသော မိမိတို့မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြည်ပပို့ကုန်ထက် ပြည်ပတင်သွင်းမှုပမာဏ များပြားနေခြင်းသည် လက်ခံနိုင်စရာတစ်ခု မဟုတ်တော့ပါ။ သို့သော်အရေးကြီးကိစ္စရပ်များစွာနှင့်အတူ ပြုပြင်ပြောင်းလဲမှုများဖြင့် ယခုလိုအခြေအနေများတွင် နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ စီးပွားရေးဦးတည်ချက်များ၊ ဆက်စပ်စီးပွားရေးမူဝါဒများ ချမှတ်ပြီး အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သည့် လက္ခဏာများစွာကို တွေ့မြင်လာရသည်မှာ အားတက်ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။


မြန်မာ့လူ့အဖွဲ့အစည်း၏ လူမှုဘဝ အများစုသည် ၉၉ ရာခိုင်နှုန်းခန့်သော အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်း အများစုအပေါ်တွင် ရပ်တည်နေရပြီး ၎င်းသည် နိုင်ငံ့စီးပွား ရေးယန္တရားတွင် အဓိကမောင်းနှင်အား တစ်ခုလည်းဖြစ်နေသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် များတွင် ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားပြီး ပြည်သူဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် စားရေရိက္ခာဖူလုံရန်နှင့် တိုင်းပြည်သာယာဝပြောရေးကို အားသွန်ကြိုးပမ်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်တစ်ရပ်ကို သတိထားမိသည်။


ထိုအချက်သည် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များတွင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုဦးတည် ချက်အောင်မြင်ရန် သွင်းကုန်အစားထိုး ပြီး ပို့ကုန်ကဏ္ဍကို မြှင့်တင်သွားမည့် သန္နိဋ္ဌာန်တစ်ခု ချမှတ်ထားသည့်အပြင် ကိုယ့်ဒေသ၊ ကိုယ့်ထွက်ကုန် ကုန်ကြမ်း များကို ပို့ကုန်အ‌ခြေပြုကုန်ထုတ်လုပ်မှု အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSME) များအဖြစ် ဖွံ့ဖြိုးတိုးတက်လာ အောင်ဆောင်ရွက်သွားမည့် ဦးတည်ချက်များဖြစ်နေသည်ကိုလည်း တွေ့ရ သည်။


MSMEs ဖွံ့ဖြိုးရေးရည်ရွယ်ချက်များကို ရေရှည်အာမခံချက်ရှိရန်နှင့် ကျွဲကူးရေပါဆိုသလို အလုပ်အကိုင်အခွင့် အလမ်းများစွာ‌နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဖော်ဆောင်ပေးနိုင်မည့် ဦးတည်ချက်များဖြစ်သည်။ ထို့အတွက် တိုင်းရင်းသားများပိုင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်အမြောက် အမြားကို ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ရန် ဦးတည်ချက်ကို တွေ့ရသည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို လေ့လာပါက ပြည်သူတစ်ရပ်လုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြကျေးလက်ကွာဟမှုလျော့ပါးကာ ဆင်းရဲမှုပပျောက်ရေးအတွက် MSME လုပ်ငန်းများအပေါ် များစွာအခြေပြုထားသည်ကို တွက်ဆနိုင်သည်။


ကျစ်လျစ်ဖွဲ့စည်း၊ တိုးချဲ့စုစည်းမှုများဖြင့် လက်တွေ့ကျကျ လုပ်ငန်းသစ်များ


လုပ်ငန်း အမျိုးအစားအလိုက်၊ အသေး၊ အငယ်၊ အလတ် အရွယ်အစား ပမာဏအလိုက် ဝန်ထမ်းအင်အား အနည်းဆုံး ၃ဝ အောက် တစ်ပိုင်တစ်နိုင်မှ အများဆုံးအင်အား ၆ဝဝ အထိ ပါဝင် လုပ်ကိုင်ကြသော MSMEs လုပ်ငန်းတွင် အမျိုးအစားခြောက်မျိုး၊ ကဏ္ဍအားဖြင့် လေးခုအထိ ခွဲခြားထားသည်။ ကုန်ထုတ် လုပ်မှု၊ လုပ်အားအခြေပြုထုတ်လုပ်မှု၊ လက်ကားရောင်းဝယ်ရေး၊ လက်လီရောင်းဝယ်ရေး၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်းများဟူ၍ အမျိုးအစားကွဲပြား သလို ကဏ္ဍအားဖြင့်လည်း ကုန်ထုတ် လုပ်မှုကဏ္ဍ၊ ရောင်းဝယ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် တခြားလုပ်ငန်း ကဏ္ဍများအနက် နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိကအ‌ခြေ ပြုသည့်ပုံစံကို လေ့လာမိသည်။


နိုင်ငံတော်အစိုးရသည် MSME လုပ်ငန်းများ ဖွံ့ဖြိုးမှုမြန်ဆန်သွက်လက် စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှု မူဘောင်အောက်တွင် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများကို ကျစ်ကျစ်လျစ်လျစ်ဖွဲ့စည်း၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။


အဆိုပါကော်မတီနှစ်ခုက ဦးဆောင်ပြီး မြန်မာနိုင်ငံတစ်ဝန်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့နှင့် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့များကို လိုအပ်ချက်အရ ထပ်မံဖွဲ့စည်းပြီး လက်တွေ့ကျကျအကောင်အထည်ဖော် လျက်ရှိသည်၊၊ ဖွဲ့စည်းရာတွင် ဝန်ကြီး ဌာနအများစုပါဝင်သည်။ ညီနောင် အသင်းများဖြစ်သည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ ကွန်ပျူတာအသင်းချုပ်၊ ဘဏ်များအသင်း၊ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း၊ အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းများမှ တာဝန်ရှိသူများကိုပါ ဖွဲ့စည်းပါဝင် နိုင်အောင် စီမံဆောင်ရွက်ထားသည်။ MSMEs development agency အနေ ဖြင့်မူ ဈေးရောင်းပွဲတော်နှင့် ကုန်စည် ပြပွဲများကျင်းပပေးပြီး နိုင်ငံတော်အဆင့် ဆုများချီးမြှင့်ခြင်း၊ Business matching များကျင်းပခြင်း၊ MSMEs ဝန်ထမ်းများ အရည်အသွေးမြှင့်တင်မှု သင်တန်းများ ကျင်းပခြင်း၊ ငွေကြေးနှင့်သက်ဆိုင်သော အထောက်အကူများပေးခြင်း၊ MSMEs မှတ်ပုံတင်များ ပြုလုပ်ပေးခြင်း၊ အတိုင် ပင်ခံဝန်ဆောင်မှုများပေးခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ပေးရန် တာဝန် ယူရသည်။ ယင်းလုပ်ငန်းများအားလုံးသည် ယခုကာလတွင် ပီပီပြင်ပြင်ဆောင်ရွက်မည့် Agency ၏ အဓိကအထောက် အကူပြုလုပ်ငန်းများပင်ဖြစ်သည်။


လိုအပ်ချက်များ၊ အားနည်းချက်များ


MSME အခြေခံစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဟူသည် နိုင်ငံ၏စက်မှု ကဏ္ဍနှင့်လည်း ဘက်ညီရသည်။ စက်မှုလယ်ယာအဖြစ် ပီပီပြင်ပြင် အသွင်ပြောင်းနိုင်ခြင်းသည်ပင် MSME လုပ်ငန်းများကို တွန်းအားပေးရာ ရောက်သည်။ စက်မှုအခြေခံသည့် စိုက်ပျိုး‌မွေးမြူရေး လုပ်ငန်းများကသာ မိမိတို့၏လယ်ယာ ထုတ်ကုန်များကို တန်ဖိုးမြှင့်ရာရောက်မည်ဖြစ်ပြီး တန်ဖိုးမြင့်စားသောက်ကုန် များအဖြစ် စားရေရိက္ခာဘေးကင်းလုံခြုံရေးနှင့် ပြည်တွင်းဈေးကွက်ချဲ့ထွင်ရန် လိုအပ်ချက်များ၊ သွင်းကုန်အစားထိုး ပြည်ပပို့ကုန်အမည်စုံ တိုးမြှင့်တင်ပို့ရန် လိုအပ်ချက်များစွာကို ဖြည့်ဆည်းရာ ရောက်မည်ဖြစ်သည်။ ထို့ပြင် မိမိဒေသထွက်ကုန်များ အရည်အသွေးပြည့်မီရန်နှင့် ဈေးကွက်လိုအပ်ချက်များ ကိုက်ညီရန်အတွက် ထုတ်ကုန်ဒီဇိုင်းနှင့် ထုတ်လုပ်မှုအဆင့်ဆင့်တွင် Research and development သုတေသနပြုချက်များစွာ ပြုလုပ်ရန်လိုအပ်သည်။


အစဉ်ပြောင်းလဲနေသည့် Market- ing analysis ဈေးကွက်ကိုလည်း သုတေသနပြုနေရမည် ဖြစ်သည်။ သုတေသနရလဒ်များနှင့်အညီ ထုတ်ကုန်အမည်သစ်များကို ဆန်းသစ်တီထွင်ထုတ်လုပ်နေရမည်။ ဆန်းသစ်သော အရောင်းမြှင့်တင်ရေး အစီအစဉ်များကို စဉ်းစားထားရန် လိုအပ်မည်။ နည်းပညာသစ်များကို အစဉ်လေ့လာပြီး ထပ်မံတိုးချဲ့နေရန်လိုအပ်မည်ဟု ယူဆသည်။


ဈေးကွက်၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီးဟူသည် မည်သည့်စီးပွားရေး လုပ်ငန်းတွင်မဆို ရေရှည်အောင်မြင်မှု၏ မဏ္ဍိုင်သုံးရပ်အဖြစ် တင်စားကြသည်။ လုပ်ငန်းနယ်ပယ်၊ လုပ်ငန်းအမျိုးအစား အလိုက် လူသားစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး‌ရေးသည် ပို၍အခရာကျလှသည်။


အမှန်တကယ် တတ်မြောက်သည့် အရည်အချင်းရှိ လုပ်သားဝန်ထမ်းများ ဖြစ်လာရန်နှင့် စဉ်ဆက်မပြတ်လေ့ကျင့် ပျိုးထောင်ပေးရန်အတွက် လက်တွေ့ လုပ်ငန်းခွင်နှင့် ကိုက်ညီမည့် ပညာရပ် ဆိုင်ရာကျွမ်းကျင်မှု အသက်မွေးဝမ်း ကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကိုပါ လိုက်ပါဆောင်ရွက် ပေးနေရမည်။ သို့မှသာ လုပ်သားများ၏ ထုတ်လုပ်မှုစွမ်းရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်းများ တိုးတက်လာမည်ဖြစ်သည်။


ထို့ပြင် MSME ကဏ္ဍအောင်မြင်မှုတွင် အရေးကြီးဆုံးအခြေခံအဆောက် အအုံဖြစ်သည့် လောင်စာစွမ်းအင်ကဏ္ဍနှင့်အတူ ကြီးမြင့်လာသည့် သယ်ယူ ပို့ဆောင်မှုစရိတ်ကလည်း လွှမ်းမိုးသော အရာတစ်ခုဖြစ်နေသည်။ ရလဒ်အနေဖြင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်းနှင့် ဈေးကွက်ဝေစုလျော့နည်းခြင်းက ခေတ် အဆက်ဆက် စိန်ခေါ်မှုကြီးတစ်ခုအဖြစ် ရပ်တည်မြဲဖြစ်သည်။


ယခုကာလ ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်လာမည့်အခြေအနေများ


ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူရသည့်ကာလ တွင်မူ အထက်ပါလိုအပ်ချက်၊ အားနည်း ချက်များကို ဆန်းစစ်လေ့လာ၍ MSMEs များ၏ တိုးတက်မှုဆီ ရှေးရှုသည့် ပြုပြင် ပြောင်းလဲမှု အတော်များများရှိလာနေပြီဟု ယူဆမိသည်။ လုပ်ငန်းကိုလက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့် အဖွဲ့သုံးခု ထပ်မံဖွဲ့စည်းထားရှိခြင်းဖြင့် လုပ်ငန်းများ ပို၍ထိရောက် အောင်မြင်လာမည်ဟု သုံးသပ်သည်။ ‌အေဂျင်စီက တာဝန်ယူမည့်လုပ်ငန်းများ အနက် Business matching ကြောင့် နှစ်ဦးနှစ်ဖက်ကုမ္ပဏီများ၊ လုပ်ငန်းရှင် များ၊ လက်လီလက်ကားရောင်းချသူများအနေဖြင့် ထူထောင်ထားရှိသော ဆက်သွယ်ရေး လမ်းကြောင်းများမှ တစ်ဆင့်အကျိုးရှိစေမည့်တွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ သတင်းအချက်အလက် ကွန်ရက်များ ရှိလာခြင်း၊ လွတ်လပ်စွာမေးမြန်းဖြေကြားခြင်းများကို အလွယ်တကူ ပြုလုပ်လာနိုင်တော့မည် ဖြစ်သည်။


ကိုဗစ်ကပ်ဘေးကြောင့် ကျဆင်းနေသည့်စီးပွားရေး ပြန်လည်နာလန်ထူ မြှင့်တင်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေက နိုင်ငံစီးပွားမြှင့်တင်ရေးသီးသန့်ရန်ပုံငွေ ကျပ် ဘီလီယံ ၄ဝဝ ကို ထူထောင်ပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်သည့် တိုင်း ဒေသကြီး/ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများထံ လိုအပ်ချက်အလိုက် ပြန်လည်ခွဲဝေလွှဲအပ်ပေးနိုင်ခဲ့သည်။


MSMEs ဖွံ့ဖြိုးရေးရန်ပုံငွေကိုလည်း နိုင်ငံတော်က ထောက်ပံ့ပေးသော ငွေကျပ် ဘီလီယံ ၁၇ဝ ဖြင့် ထူထောင်ပြီး ဖြစ်သည်။ ယင်းရန်ပုံငွေမှာ လုပ်ငန်းရှင် များအား ချေးငွေချေးပေးရုံသက်သက် မဟုတ်ဘဲ နည်းပညာကဏ္ဍဆိုင်ရာ အခြေပြုသက်မွေးပညာကျွမ်းကျင်မှုနှင့် စီမံခန့်ခွဲမှုသင်တန်းများ ဖွင့်လှစ်ခြင်း၊ MSMEs စွမ်းဆောင်ရည်ဆုချီးမြှင့်ခြင်း၊ ထုတ်ကုန်ပြပွဲပြိုင်ပွဲများနှင့် အသိပညာ ပေးစကားဝိုင်းများ ကျင်းပရာတွင် သင့်လျော်သလို ထုတ်ယူသုံးစွဲသွားရန် ဖြစ်သည်။ ထို့ပြင် တက္ကသိုလ်များတွင် MSMEs ဘာသာရပ်များ ထည့်သွင်း သင်ကြားရန် စီစဉ်နေပြီဟုလည်း သိရ သည်၊၊


တွေ့ဆုံဖြေလျှော့မှုများမှသည်


ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှစ၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်များ ရှိခဲ့သည်။ တွေ့ဆုံမှုတိုင်းတွင် လုပ်ငန်းရှင်များ စိတ်ဝင်စားသည်က တိုင်းပြည်စီးပွားရေးကိုမည်ကဲ့သို့ မြှင့်တင်ကြမလဲ၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်များများ တင်ပို့နိုင်ရန်အတွက် လိုအပ်သည့်ချေးငွေကဏ္ဍ ထိရောက်ရန်အရေးများက အဓိကဖြစ်ခဲ့ပြီး လုပ်ငန်းရှင်များ တင်ပြသောအချက်များကိုလည်း တစ်ဆင့်ချင်းအကောင် အထည်ဖော်ရန် အပြန်အလှန်‌ဖြေလျှော့ မှုများ ရှိခဲ့ကြသည်၊၊


ကိုဗစ်ကာလကတည်းက ချေးထားသည့်ချေးငွေများ ပြန်ဆပ်ကာလ သက်တမ်းတိုးပေးရန်၊ အတိုးနှုန်းလျှော့ချပေးရန်၊ လမ်းခရီးတွင် တရားမဝင်ပေးဆောင်ရသော ငွေကြေးကောက်ခံမှု များအပါအဝင် အခွန်လျှော့ချပေးရန် တောင်းဆိုမှုများအပေါ် လိုက်လျော ကတိပေးမှုများ ရှိခဲ့ကြောင်းလည်း ကြားသိရသည်။ သတ်မှတ်ကာလအတွင်း ချေးငွေများပြန်ဆပ်ရန်အရေးမှာ လုပ်ငန်းရှင်များဘက်က တာဝန်ယူမှုများအပေါ် လိုအပ်ချက်များကိုလည်း ထောက်ပြခဲ့ကြသည်။ အ‌‌ရေးကြီးဆုံး လိုအပ်ချက်များတွင် လျှပ်စစ်ကဏ္ဍ လိုအပ်ချက်က အဓိကဖြစ်ပြီး ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းမှ ဖြည့်ဆည်းရန် ကြိုးပမ်းဆောင်ရွက်နေ ကြောင်းလည်း သိရသည်။


MSME တွင် နည်းပညာပိုင်း ပံ့ပိုးပေး ရန်နှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် e- ID မှ e- government စနစ်ဆီကြိုးစား လျှောက်လှမ်းနေသည်မှာ လက်တွေ့ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဆောင်ရွက်ရသည့် အပိုင်းများတွင် ဈေးကွက်သုတေသန၊ ထုတ်လုပ်မှု၊ ဒေသအလိုက် စံချိန်စံညွှန်းသတ်မှတ်နိုင်မှု၊ ဆွဲဆောင်မှုအားကောင်းကောင်းဖြင့် ဈေးကွက်ကိုမြှင့်တင်ပြီး ကျယ်ပြန့်သော ဒေသများအထိ ဈေးကွက်ရှာဖွေမှု၊ ကုန်သွယ်ငွေလွှဲအပိုင်းများတွင် e- government စနစ်ထဲအလိုအလျောက် ပါဝင်သွားမည်ဆိုသော သတင်းစကား များလည်း ကြားသိ‌နေရသည်။ အွန်လိုင်း မှတ်ပုံတင်စနစ်ပီပြင်လာလျှင် ငွေကြေးအရင်းအနှီးထောက်ပံ့ခြင်း၊ အခွန်သက်သာခွင့်များ ဆောင်ရွက်ခြင်းများတွင် ထိရောက်သောရယူခံစားခွင့် အခွင့်အလမ်းများ အလွယ်တကူရရှိလာတော့မည်ဟု ယူဆရသည်။ ထို့ပြင်တိုင်းဒေသကြီး၊ ပြည်နယ်အားလုံး ချိတ်ဆက်ဆောင် ရွက်မှုအားကောင်းစေမည့် ဆက်သွယ်ရေးစနစ်များ၊ သယ်ယူပို့ဆောင်ရေး နည်းလမ်းများကိုလည်း စဉ်းစား ဆောင်ရွက်နေကြောင်း သိရပြန်သည်၊၊


မည်သို့ပင်ဆိုစေ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ချက် ဟူသမျှ အခက်အခဲမျိုးစုံကြားမှ ကြိုးပမ်းဆောင်ရွက်နေရခြင်းဖြစ်သည်ကို သိရှိ နားလည်ကြသည်။ အနည်းဆုံးသော သွင်းအားစုနှင့်အတူ အကောင်းဆုံး ဖြစ်ရမည်ဟူသော efficiency သဘောတရားအပေါ် အခြေခံသည့် ထိုက်သင့် သောတိုးတက်မှုများ ရရှိလာနေကြောင်းလည်း သုံးသပ်မှုများရှိနေသည်။ ခိုင်မာ သောမူဝါဒများနှင့်အတူ အမှန်တကယ် အရည်အသွေးမီ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်ပသွင်းကုန်များ လျှော့ချအစားထိုးနိုင်မည်မှာ သေချာသည့်အပြင် ပြည်ပသို့လည်း ယခုထက် ပိုမိုတင်ပို့လာနိုင်တော့မည်ဖြစ်သည်။


ဖွံ့ဖြိုးမှု စိတ်ကူးစိတ်သန်းဟူသည် အမှန်တကယ်လက်တွေ့ဘဝများတွင် လက်တွေ့ကျကျ အသုံးချနိုင်မှသာ စဉ်ဆက်မပြတ်တိုးတက်မှုကို ရရှိမည် ဖြစ်သည်။ အရည်အသွေးကောင်းမွန် သည့် စိုက်ပျိုးမွေးမြူရေးအခြေခံကုန်များကို စွမ်းဆောင်မြင့်မားယှဉ်ပြိုင်အားဖြင့် တိုးတက်ထုတ်လုပ်နိုင်ရန်ကပို၍ အဓိကကျသည်။ ယခုအခြေအနေကို လေ့လာပါက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစီးပွားရေးကို အဓိကအားပေး အားမြှောက်ပြုနေသည်မှာ ထင်ရှားသည်။ ဤသည်ကိုပင် အခွင့်အလမ်း အဖြစ်မှတ်ယူ၍ ပြည်ပအကူအညီ အထောက်အပံ့အပေါ် အလွန်အမင်းမှီခိုခဲ့မှုများကို ပြန်လည်လျှော့ချရပေမည်။ ရရှိပြီး၊ ရရှိဆဲသင်ခန်းစာနှင့် အတွေ့အကြုံကောင်းများကိုရယူကာ ပြည်တွင်းအားဖြင့် ဆက်လက်ကြိုးစားကြရမည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages