စစ်တွေမြို့က နာရီစင်၊ ဗုဒ္ဓေါမော်ရှင်မနှင့် ARSA မဟုတ်သော ESSAR - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့က နာရီစင်၊ ဗုဒ္ဓေါမော်ရှင်မနှင့် ARSA မဟုတ်သော ESSAR





ကျွန်တော်နှင့် နာရီများ

ကျွန်တော်ငယ်စဉ်က စတင်မြင်ဖူးခဲ့သောနာရီများမှာ ရွာဦးဘုန်းကြီးကျောင်းမှ တိုင်ကပ်နာရီ၊ ရွာက သဟာယဆန်စက်ပိုင်ရှင် ကျွန်တော့် ဘကြီးဦးမြမောင်လက်မှာ ပတ်ထားသောနာရီနှင့် ကျောင်းဆရာ ကျွန်တော့်အဖေ ဆရာကြီးဦးသာခင်၏လက်က ရိုးမားနာရီအဝိုင်းလေး ဖြစ်သည်။ လှော်ကထား အလကကျောင်းရောက်တော့လည်း ဆရာ ဆရာမများကလွဲ၍


ဘယ်ကျောင်းသား ကျောင်းသူများမှ နာရီမရှိကြ။ သို့သော် ပူစရာမလို၊ ရွာဦးဘုန်းကြီးကျောင်းက မနက် ၄ နာရီ အုန်းမောင်းခေါက်သံ၊ ကြေးနောင်ထိုးသံသည် ကျွန်တော် စာကြည့်ရန် နာရီနှိုးစက်သံများဖြစ်ခဲ့သည်။ လှော်ကထား ဘုန်းကြီးကျောင်း၊ နတ္ထမင်းကုန်း ဘုန်းကြီးကျောင်းများမှ နာရီမလပ် ထိုးပေး နေကြသော အုန်းမောင်းခေါက်သံ၊ ကြေးနောင်သံများသည် ရွာကလူများအတွက် လယ်ထဲကိုင်းထဲဆင်းချိန်၊ ကောက်စိုက်သမများအတွက် ကောက်ညှင်းပေါင်းဖို့ချိန်၊ နွားသွင်းချိန်များ ဖြစ်ခဲ့သည်။ ရွာကကျောင်းတွင် ၈ တန်းအောင်ပြီး ၉ တန်း၊ ၁၀ တန်းကို လေးမျက်နှာ အထကမှာ တက်ရသည်။ ကျေးဇူးရှင် ဒက္ခိဏာရုံကျောင်းဆရာတော် ဦးပညာလောကနှင့် ဦးဇောတိပါလတို့၏ စောင့်ရှောက်မှုကို ခံယူရသော ပရဟိတကျောင်းသားဖြစ်ခဲ့သည်။ ဘုန်းကြီးကျောင်းပေါ်က နာရီများကို သွားသွားကြည့်ပြီး အထကကျောင်းသို့ ကျွန်တော်တို့အားလုံး ပြေးပြေးလွှားလွှား သွားခဲ့ကြရသည်။ အထက်တန်းကျောင်းသားဘဝတွင် နာရီပတ်နိုင်လျှင်၊ စက်ဘီးစီးနိုင်လျှင်၊ ဘောလုံးကန်ချိန်တွင် ပူးမားတို့၊ တရုတ်နီတို့ အစရှိသည့် ဘောကန်ဖိနပ်များဝတ်၍ ကန်နိုင်လျှင် ယနေ့ခေတ်ကလေးများ ပြောနေကြသလို အကောင်ဖြစ်ပြီ။ ကျွန်တော်ဆိုသော တောသား မောင်မြင့်စိုးကမူ ၁၀ တန်း အောင်ချိန်အထိ ဘာမှမပတ်နိုင်၊ မစီးနိုင်၊ မဝတ်နိုင်၍ အကောင်မဖြစ်ခဲ့။ စစ်တက္ကသိုလ် ပထမနှစ်ရောက်မှ လစာထဲကစုပြီး ယူရီကာနာရီလေးကို ဝယ်နိုင်၊ ပတ်နိုင်ခဲ့သည်။ ကျွန်တော့်ဘဝတွင် နာရီများက ဤမျှလောက်အထိ အရေးပါခဲ့ဖူးသည်။ ယနေ့အချိန်တွင် ကျွန်တော် ဘယ်လိုနာရီများကိုပင်ပတ်ထားထား ဘုန်းကြီးကျောင်းများဆီက အုန်းမောင်းခေါက်သံ၊ ကြေးနောင်သံများကိုပင် တသသလွမ်းနေမိပါသည်။


စစ်တွေမြို့က နာရီစင်

ရခိုင်ပြည်နယ် စစ်တွေမြို့ မောလိရပ်ကွက်ရှိ အမှတ်(၁) ရဲစခန်း ဝင်းထဲတွင် တွေ့မြင်နေရသော နာရီစင်ကြီးသည် ရခိုင်ပြည်နယ်အတွင်း ရှေးအကျဆုံးနာရီစင် ဖြစ်ဖွယ်ရှိပါသည်။ ၁၈၈၇ ခုနှစ်တွင် တည်ဆောက် ပေးခဲ့ခြင်းဖြစ်၏။ အချိန်ကာလကိုပြန်ကြည့်ပါက သီပေါမင်းပါတော်မူပြီး နှစ်နှစ်အကြာ ဝိတိုရိယဘုရင်မ၏ နန်းသက် (၅၀) ပြည့် အထိမ်းအမှတ်အဖြစ် စစ်တွေမြို့လယ်၌ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။ ဆတ်ရိုးကျချောင်းတွင် ချောင်းကူးတံတားတစ်စင်းဆောက် မလား၊ မြို့လယ်နာရီစင်ဆောက်မလားဟု တိုင်ပင်ကြသောအခါ အများသဘောကျ မြို့လယ်နာရီစင်တည်ဆောက်ရေးကို သဘောတူခဲ့ကြကြောင်း သိရသည်။ နာရီစင်၏ အတိုင်းအတာပမာဏမှာ အမြင့် ပေ ၇၀ ရှိပြီး ကိုလိုနီခေတ်ဗိသုကာလက်ရာ သံနှင့် သွပ်မိုးပုံစံဖြစ် သည်။ အစဉ်အဆက်အသုံးပြုလာရာမှ ပြန်လည်ပြုပြင်ရခြင်း၊ စက်အစိတ်အပိုင်းများ အသစ်တပ်ဆင်ရခြင်းတို့ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ပေးထားကြောင်း သိရှိရပါသည်။ ယခုအခါ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ မည်သူကပင် လက်ဆောင်ပေးခဲ့ပေးခဲ့ ရှေးဟောင်းဗိသုကာလက်ရာတစ်ခုအနေဖြင့် ထိန်းသိမ်းသွားရမည် ဖြစ်သည်။ ရန်ကုန်မြို့က ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)တွင် နေခဲ့ဖူးသဖြင့် ရှေးဟောင်းဗိသုကာလက်ရာများကို လေ့လာကြည့်ရှုခွင့်ရခဲ့သလို သတိတရလည်းရှိနေပါသည်။


သကျမုနိသိမ်တော်ကြီးမှ နာရီ

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သော ရှေးဟောင်းသာသနိက အဆောက်အအုံများထဲတွင် ၁၉၁၀ ပြည့်နှစ်က တည်ဆောက်ထားခဲ့သည့် ဦးရဲကျော်သူကျောင်း (ခ) သံကျောင်းလည်း ပါဝင်သည်။ ဦးရဲကျော်သူ ကျောင်းဝင်းထဲက ၁၉၁၇ ခုနှစ်တွင် တည်ဆောက်ခဲ့သော သကျမုနိ သိမ်တော်ကြီးလည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ရှေးမူမပျက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ အဆိုပါကျောင်းနှင့် သိမ်နေရာများသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အတူ လိုက်ပါကြည့်ရှုခွင့်ရခဲ့သည်။ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး တာဝန်ရှိသူများက အဆောက်အအုံများကို ပြုပြင်ရင်း သကျမုနိသိမ်တော်ကြီး၏ အပေါ်ပြာသာဒ်ဆောင် အခေါင်အဖျားတွင် ချို့ယွင်းနေသော ရှေးဟောင်းနာရီကြီးကိုလည်း တတ်နိုင် သမျှ ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြန်လည်ပြုပြင်ပေးရာတွင် မည်မျှလောက်ထိ စေတနာထားလိုက်သလဲဆိုသည်ကတော့ အိန္ဒိယရှိ မူလနာရီကုမ္ပဏီကို ဆက်သွယ်ခဲ့ရာ ပစ္စည်းများရရှိရန် မလွယ်ကူတော့၍ အခြားကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ပေးခဲ့ ကြောင်း သိရသည်။ အတတ်နိုင်ဆုံး မူလခေါင်းလောင်းသံနှင့်တူသည့် နာရီထိုးသံမျိုးဖြစ်အောင် တပ်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဒီလောက်ဆိုလျှင်ပင် စစ်တွေသူ စစ်တွေသားများအတွက် ယခင်ကြားခဲ့ဖူးသော ဦးရဲကျော်သူကျောင်းက နာရီသံကို ပြန်လည်ကြားခွင့်ရကြဦးမည်။ နာရီကြီးအကြောင်း ရှေးဟောင်းနှောင်းဖြစ် ပြောပြသွားကြသည့် အဘိုးရှင်၊ အဘောင်ရှင်၊ ဘာဘာ၊ အမိတို့အား ပြန်လည်သတိရလွမ်းကြပေဦးတော့မည်။


ဗုဒ္ဓေါမော် သမိုင်းအကျဉ်းချုပ်

စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်နေခိုက် ဘုရားကျောင်းကန် တော်တော်များများသို့ ရောက်ခဲ့၊ ဖူးခဲ့ရသည်။ ထူးထူးခြားခြား နေရာများသို့လည်း သွားချင်၊ ရောက်ချင်မိ၏။ စစ်တွေပွိုင့်မှ လှမ်းမြင်နေရသော မီးပြတိုက်ကျွန်းလေးကိုလည်း သွားကြည့်ချင်သည်။ မိုးတွင်းကြီးသွားရသည်မှာ မလွယ်ကူကြောင်း ပြောလာကြ၍ မသွားဖြစ်ခဲ့။ ထိုအချိန်တွင် မိတ်ဆွေတစ်ဦးက ဗုဒ္ဓေါမော်ကို ရောက်ပြီး ပြီလားဟု မေးလာသည်။ ဗုဒ္ဓေါမော်နေရာမှာ ယခုလို ဝါဝင်ခါနီးအချိန် ဇူလိုင်လ ၂၈၊ ၂၉၊ ၃၀ ရက်နေ့တို့၌ ပွဲရှိကြောင်း၊ စစ်တွေမြို့က လူတော်တော်များများ သွားရောက်အဓိဋ္ဌာန်ပြု ဆုတောင်းကြကြောင်း သိရသည်။ မေးမြန်းလေ့လာကြည့်သောအခါ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ နတ်ကွန်းတစ်ခုဖြစ်ကြောင်းနှင့် ရေတပ်စခန်းဝင်းအတွင်း တည်ရှိကြောင်း သိရသည်။


ဗုဒ္ဓေါမော်ဟု အမည်နာမစ၍ တွင်ရခြင်းသမိုင်းအကျဉ်းကိုလည်း ဖတ်ရှုခဲ့ရသည်။ မဟာသက္ကရာဇ် ၁၂၃ ခုနှစ်၊ ဘီစီ ၅၆၈ ခုနှစ်တွင် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူခဲ့သည်။ သုနာပရန္တတိုင်းမှ မဇ္ဈိမဒေသသို့ အရောင်းအဝယ် ကုန်သွယ်မှုဖြင့်သွားရောက်ခဲ့သော မဟာပုဏ္ဏသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ ရောက်ရှိပြီး မြတ်စွာဘုရား၏ တရားတော်တို့ကို ကြားနာခွင့်ရရှိကာ ရဟန်းပြုလျက် ဩဝါဒစကား ကမ္မဋ္ဌာန်းတရားများ သင်ယူပွားများ အားထုတ်ခဲ့သည်။ ယင်းနောက် မဟာပုဏ္ဏရဟန္တာမထေရ်မြတ်သည် မိမိဒေသ သုနာပရန္တတိုင်း ဝါဏိဇရွာသို့ ပြန်လည်ကြွမြန်းခဲ့ပြီး အဇ္ဈစတ္တတောင် (ယခုအခေါ်ဦးကင်းတော်)၊ သမုဒ္ဒရာဂိရိဝိဟာရ (ယခုဗုဒ္ဓေါမော်နေရာ)၊ မာတုလဂိရိ (ယခုအခေါ် ဦးရဇ်တောင်)၊ မကုလကာရာမ (ယခုအခေါ် ဖြူးချောင်းရွာ) အမည်ရသည့် ဌာနလေးခုတို့တွင် သီတင်းသုံးနေထိုင်တော်မူခဲ့သည်။ သမုဒ္ဒရာဂိရိဝိဟာရ (ခ)သမုဒ္ဒရာအနီး ကျောက်တော်ပေါ်က ဂူကျောင်း၌  သီတင်းသုံးနေစဉ် လာရောက်ဖူးမြော်သူများက မထေရ်၏အမည်နာမ မည်သူဖြစ်သည်၊ မထေရ်၏ ဆရာဖြစ်သူ၏ ဘွဲ့အမည်များကို မေးလျှောက်ကြရာ ငါ၏အမည်က ပုဏ္ဏမထေရ်၊ ငါ့ဆရာ၏ ဘွဲ့အမည်ကား ဗုဒ္ဓဖြစ်သည်ဟု ဖြေကြားခဲ့၏။ ဤမထေရ်ကား ဗုဒ္ဓ၏တပည့် သာဝကဖြစ်၍ မြတ်စွာဘုရား၏ အမည်နှင့်ယှက်နွှယ်ကာ မထေရ်ကိုလည်း ဗုဒ္ဓဟူ၍ပင် ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။


ထိုမထေရ်သည် ကမ္မဋ္ဌာန်းအာရုံ၌သာ မွေ့လျော်သဖြင့် လူတို့နှင့် ရောနှောဧည့်ခံ စကားမပြောသူဟု အဓိပ္ပာယ်ရသည့် “မောန”ဆိုသည့်အမည်ကို မူလ“ဗုဒ္ဓ” အမည်နှင့်တွဲ၍ “ဗုဒ္ဓမောန” ဟု ခေါ်ဝေါ်ခဲ့ကြ သည်။ ထိုမှ ဗုဒ္ဓမောဟူ၍လည်းကောင်း၊ ဗုဒ္ဓမောမှ “ဗုဒ္ဓေါမော်”ဟူ၍ လည်းကောင်း ပြောင်းလဲခေါ်တွင်လာခဲ့သည်ဟုဆို၏။


ထိုဗုဒ္ဓေါမော်ဟု ဘွဲ့မည်ရသည့် မဟာပုဏ္ဏရဟန္တာမထေရ်မြတ် သီတင်းသုံးနေထိုင်ရာ ဂူကျောင်းနေရာကို စောင့်ရှောက်မည့် နတ်ကောင်းနတ်မြတ်တစ်ပါး ပေါ်ပေါက်လာခဲ့သည်။ ၎င်းနတ်ရှင်မသည် ယနေ့တိုင် ဗုဒ္ဓေါမော်နေရာကို စောင့်ရှောက်နေဆဲဖြစ်သောကြောင့် သူ့အမည်ကိုလည်း ဗုဒ္ဓေါမော်ရှင်မဟု ခေါ်တွင်နေကြကြောင်း သိခွင့်ရခဲ့သည်။ ဤသည်တို့ကား ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် သာသနာလင်္ကာရပရိယတ္တိစာသင်တိုက်၏ စာချနာယကဆရာတော် ဘဒ္ဒန္တဓမ္မဝိန္ဒရေးသားတော်မူသော သမိုင်းအကျဉ်းမှ ကောက်နုတ် တင်ပြခြင်းဖြစ်ပါသည်။


ဇူလိုင်လ ၂၈ ရက်နေ့တွင် ဗုဒ္ဓေါမော်သို့ ကျွန်တော်မရောက်ဖြစ်ခဲ့၊ ဇူလိုင်လ ၂၉ ရက်နေ့တွင်လည်း ကျွန်တော်တို့ဘောလုံးကန်နေကြသဖြင့် မသွားနိုင်သေး၊ ဇူလိုင်လ ၃၀ ရက်နေ့တွင်မူ ကျွန်တော် ရောက်အောင်သွား၍ လေ့လာမိပါသည်။ ရေတပ်စခန်းဂိတ်တွင် စနစ်တကျ စစ်ဆေးမှုခံယူ၍ ဗုဒ္ဓေါမော်သို့ သွားရောက်နေကြသော ဒေသခံတိုင်းရင်းသားများကို တွေ့ရသည်။ နတ်ကွန်းနေရာတွင် ဘုရားရုပ်ပွားတော်တစ်ဆူကို ဦးစွာဖူးတွေ့ရသည်။ ယင်းနောက် ဗုဒ္ဓေါမော်ရှင်မရုပ်တု၊ ထိုရုပ်တု၏ အနီးအနား၌ ရခိုင်ရွှေစက္ကူလေးများပေါ်တွင် လိုရာဆုကိုရေးသား၍ ကပ်ထားကြသည်ကိုလည်း တွေ့ခဲ့ရသည်။ ယုံကြည်မှုအရ ကိုးကွယ်ဆုတောင်းမှုပြုကြသော နေရာတစ်ခုပါပေ။ နတ်ကွန်းနှင့်မနီးမဝေး၌မူ သားဆုပန်ကြသော နေရာလေးတစ်ခုကို တွေ့ရသည်။ လာရောက်ဆုပန်နေကြသော လင်မယားစုံတွဲများလည်း မနည်းမနောပါတကား။ စီးတော်ကျား မောင်တော်၏နေရာတွင်လည်း ဆုတောင်းသူများရှိကြသည်။ ထိုမှ ဝိဇ္ဇာဂူဟုခေါ်သော အဖိုးရှင်၏ဂူကိုလည်း တွေ့ဖြစ်ခဲ့ရသည်။ နတ်ကွန်းရှေ့ အဆောင်လေးထဲတွင် နတ်ကနားပေးနေသော နတ်ဝင်သည် အဖွဲ့တစ်ဖွဲ့ရှိနေပြီး ထိုနေရာတွင်လည်း သူ့ပရိသတ်နှင့်သူ စည်ကားနေပါသည်။ နတ်ကွန်းမှနေ၍ ကျောက်တောင်လို နေရာလေးတစ်ခုပေါ်သို့ လှေကားထစ်များအတိုင်းတက်သွားလျှင် ရဟန္တာဂူသို့ ရောက်ပါသည်။ ရှင်ပြုနားသပြုလိုသူများလည်း ရဟန္တာဂူတွင် လာရောက်ပြသ  ဆုတောင်းကြကြောင်း သိရသည်။ ဗုဒ္ဓေါမော်တွင် ရောက်ရှိလေ့လာနေခိုက်  ကျွန်တော့်စိတ်က ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သီတာကုန်းပြင်ရွာမှ သီတာမောင်နှမနတ်ကွန်းရှိရာသို့ ရောက်နေပါသည်။ သီတာမောင်နှမနတ်ကွန်းသည်လည်း သူ့ရာသီနှင့်သူ ကုန်းပွဲ၊ ရေပွဲ၊ ဘုရားပွဲများနှင့် အထူးပင် စည်ကားများပြားလှသည်။


အိန္ဒိယ - မြန်မာ ချစ်ကြည်ရေးစီမံကိန်း

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်အရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ဦးဆောင်သော မြန်မာချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့ ၂၀၀၈ ခုနှစ် ဧပြီလတွင် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့် ခရီးစဉ်မှ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း၊ စစ်တွေကုလားတန် ဆိပ်ခံတံတားနှင့် ပလက်ဝဆိပ်ခံတံတား တည်ဆောက်ရေးလုပ်ငန်းများ စတင်ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။


စစ်တွေမြို့တွင် တည်ဆောက်မည့် ကုလားတန်တံတား (စစ်တွေ)ကို စတင်တည်ဆောက် နိုင်ရန်အတွက် အိန္ဒိယနိုင်ငံအခြေစိုက် ESSAR Projects (India) Co., Ltd. နှင့် အိန္ဒိယနိုင်ငံတို့အကြား ကန်ထရိုက်စာချုပ်ချုပ်ဆို၍ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စတင်ပန္နက်ချ တည်ဆောက်ခဲ့ပါသည်။


စီမံကိန်းတည်နေရာမှာ စစ်တွေမြို့၏ အချက်အချာနေရာဖြစ်သည့် စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက် ကမ်းနားလမ်း (ယခင်မင်းကြီး ကျောက်တန်း) နေရာ ကုလားတန်မြစ်ကမ်းနဖူးပေါ်တွင် စုစုပေါင်း ဧရိယာ ဧက ၁၆ ဒသမ ၂၀ ခန့်ကို မြေဖို့ပြီး အဆိုပါမြေကို ကျောထောက်နောက်ခံပြု၍ မျက်နှာစာအလျား ၂၁၉ မီတာရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားတစ်စင်းနှင့် မျက်နှာစာ အလျား ၅၄ မီတာရှိ ပြည်တွင်းရေကြောင်း ဆိပ်ခံတံတားတစ်စင်းတို့ကို တည်ဆောက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဆိပ်ကမ်းတည်ဆောက်ရေးကာလ ပြီးဆုံးခဲ့ကာ တည်ဆောက်ရေး ကုမ္ပဏီ ESSAR Projects (India) Co., Ltd. မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယင်းနေ့တွင်ပင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် Port Operator အဖြစ် ဆောင်ရွက်မည့် အိန္ဒိယနိုင်ငံအခြေစိုက် A To Z Exim Ltd. ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယခုအခါ အဆိုပါ ကုမ္ပဏီကပင် Port Operator အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ကုလားတန်တံတား(စစ်တွေ) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားအဖြစ် နိုင်ငံတော်က သတ်မှတ်ပေးခဲ့ပြီး ဒေသအတွင်းလိုအပ်ချက်အရ ပြည်တွင်းသွား ရေယာဉ်များပါ ဆိုက်ကပ်အသုံးပြုနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့်အတူ ပြည်တွင်းဆိပ်ကမ်းအဖြစ်ပါ ပူးတွဲအသုံးပြုခွင့် ပေးထားပါသည်။ တံတားဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၉ ရက်နေ့တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။


ARSA မဟုတ်သော ESSAR

ဆိုရသော် ယင်းဆိပ်ကမ်းသည် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းအရ ပေါ်ပေါက်လာသော ဘက်စုံသုံးဆိပ်ကမ်းဖြစ်သည်။ ဆိပ်ကမ်းအဝင်ဝမှာရော ဆိပ်ကမ်း၏ ဆိပ်ခံတံတားပေါ်မှာပါ INDIA MYANMAR FRIENDSHIP PROJECT အိန္ဒိယ-မြန်မာချစ်ကြည်ရေး စီမံကိန်း၊ KALADAN MULTIMODAL TRANSIT TRANSPORT PROJECT ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း၊ PORT TERMINAL - SITTWE ဆိပ်ကမ်းတည်နေရာ - စစ်တွေ ဟူ၍ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယင်းသို့ ရေးသားထားသဖြင့် ထိုဆိပ်ခံတံတား တည်ဆောက်ထားသောနေရာကို ဘက်စုံသုံးဆိပ်ကမ်းဟူ၍ အမည်တွင် သွားလျှင်လည်း အကောင်းဆုံးဖြစ်ပါလိမ့်မည်။ သို့သော် ကျွန်တော်တို့ ကြားနေရသည်က ဒေသခံများကရော ဌာနဆိုင်ရာဝန်ထမ်းအချို့ကပါ ယင်းဆိပ်ကမ်းကို “အာဆာ” ဆိပ်ကမ်းဟု ခေါ်နေကြခြင်းဖြစ်သည်။ ကြားခါစက ဘာကိုဘာကြောင့် အာဆာဆိပ်ကမ်းဟု ခေါ်ကြတာပါလိမ့်ဟုပင် တွေးမိသည်။ ARSA အဖွဲ့ကို ပြေး၍မြင်မိသည်။ ARSA ဆိုသည်မှာ ရခိုင်ပြည်နယ်အတွက်ရော မိမိတို့နိုင်ငံအတွက်ပါ မလိုလားအပ်သည့် သောင်းကျန်းသူ အဖွဲ့အစည်းဖြစ်သည်။ သည်နာမည်ကို ဘာကြောင့် ဒီမှာခေါ်နေကြပါလိမ့်။ စဉ်းစားရကျပ်ခဲ့သည်။ နောက်တော့မှ သွားရင်းလာရင်း ၎င်းဆိပ်ကမ်းအနီးက ခြံဝင်းတစ်ခုထဲတွင် ESSAR ဟု အမည်ရေးထိုးထားသော သင်္ဘောပုံစံငယ်လေးတစ်စင်းကို တွေ့ရသည်။ တော်တော်လေးလည်း ဟောင်းနွမ်းနေပါပြီ။ ထိုသင်္ဘောလေး၏အမည်ကို ဆက်လေ့လာလိုက်သောအခါ ယခုဘက်စုံသုံး ဆိပ်ကမ်းကို စတင်တည်ဆောက်ပေးခဲ့သည့် ကုမ္ပဏီ၏ အမည်ဖြစ်နေကြောင်း သိရသည်။ ESSAR ကို အာဆာဟု ခေါ်တွင်နေကြခြင်း ဖြစ်ပါလိမ့်မည်။


ဓညဝတီ မည်တွင်စေလို

ကျွန်တော်တို့အဖွဲ့ စစ်တွေမြို့၌ရှိနေစဉ် စစ်တွေတက္ကသိုလ် လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းနှင့် ချစ်ကြည်ရေးဘောလုံးပွဲ တစ်ပွဲနွှဲခဲ့ရသေးသည်။ ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာကော်မတီက ကြီးမှူးကျင်းပသော မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲလည်းဖြစ်၏။ ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ကစားခဲ့သည့် ထိုဘောလုံးပွဲအကြောင်းကို ကျွန်တော်ဆောင်းပါးရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ကျင်းပခဲ့သည့် အားကစားကွင်းအမည်မှာ ဓညဝတီအားကစားကွင်းဟု ခေါ်တွင်ထားပါသည်။ ဤသို့ဆိုလျှင် အာဆာ….အာဆာဟု ခေါ်တွင် နှုတ်ကျိုးနေကြသော အနှီဆိပ်ကမ်းအမည်ကို “ ဓညဝတီဆိပ်ကမ်း”ဟု ပြောင်းလဲခေါ်ဝေါ်ရန် မဖြစ်နိုင်ပြီလော။ ကျွန်တော်တစ်ဦးတည်း ဆန္ဒအရဆိုလျှင် အဝင်ဝမှာဆိုင်းဘုတ်အကြီးကြီးတင်၍ ပြောင်းပစ်လိုက်ရန် စိတ်ကူးမိသည်မှာ အကြိမ် ၁၀၀ မက အခါခါပင်။ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နိုင်ငံတကာစံနှုန်းများအရ မူလရှိပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်များကိုလည်း ဆက်လက်ထားရှိ၍ ခေါ်ရလွယ်ကူသော၊ ရခိုင်ယဉ်ကျေးမှုကို အလေးထား ဂုဏ်ပြုရာလည်းရောက်သော အမည်တစ်ခု တွင်သွားစေခြင်းရယ်သာ။


ရခိုင်ဒေသနှင့် လိုက်ဖက်သည့် အခြားအမည်များကိုလည်း စဉ်းစားရှာဖွေကြည့်မိပါသေးသည်။ ကုလားတန်မြစ်ဘေးတွင်ရှိနေ၍ ကုလားတန်ဆိပ်ကမ်းဟု ခေါ်ဖို့ရာလည်း ကျွန်တော့်အမျိုးများ ရခိုင်သားတို့က ဆန္ဒရှိပုံမပေါ်၊ ဤသို့ဆိုလျှင် ကစ္ဆပနဒီဆိပ်ကမ်းဟု အမည်ပေးကြည့်လျှင်ရော၊ ဒါကလည်း ကစ္ဆပနဒီလား၊ ဂစ္ဆပနဒီလား ရေးထုံးအမှန်၊ အမည်မှန်ကို ကိုးကားရှာဖွေငြင်းခုံကြမှာ စိုးရသေးသည်။ တေးသံရှင်ရတနာမိုင်၏ မိခင်ဖြစ်သူ အဆိုတော်ကြီး “ မိုင်” သည် ကျွန်တော်တို့ ငယ်စဉ်ကတည်းက နှစ်ခြိုက်ခဲ့သော တေးသံရှင် မောင့်မလွမ်းပိုဖြစ်ပါသည်။ မိုင်ဟု နာမည်မကျော်မီကတည်းက သူ၏ အနုပညာအမည်ကို ဓညဝတီရွှေကြည်ဟု ကျွန်တော်တို့ သိထားခဲ့သည်လေ။ မိုင်၏ ဇာတိမြေသည် စစ်တွေလား၊ ကျောက်ဖြူလား၊ သံတွဲလား ကျွန်တော်မသိ၊ ဓညဝတီဆိုသည်ကတော့ ရခိုင်ပြည်နယ်တစ်ခုလုံးနှင့် လိုက်ဖက်သောအမည် ဖြစ်လိမ့်မည်ဟု ကျွန်တော်ယုံကြည် မိသည်။ ကျွန်တော်၏ ဇောစေတနာသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရတို့အတွက် စိတ်အနှောင့်အယှက် မဖြစ်တန်ရာ။


အောင်ပန်းဆင်နိုင်ပါစေ သမီးငယ်တို့ရေ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ပြည်နယ်နှင့်တိုင်းဒေသကြီး U-19 အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်အသင်းသည် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကြားသိရသည်။ နေပြည်တော်အသင်း၏ အုပ်ချုပ်သူအဖွဲ့တွင် လိုက်ပါသွားသော တူမတော် လှိုင်မီမီထွန်းက လေးလေးရဲ့ ရခိုင်ဘောလုံးအသင်းကို ဘာပြောပေးရဦးမလဲဟု မေးလာသည်။ ရခိုင်မြေ ရခိုင်ဒေသအပေါ် ကျွန်တော်သံယောဇဉ်ရှိမှန်း သိနေ၍ သူမေးခဲ့ခြင်းဖြစ်၏။ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီးဘောလုံးပြိုင်ပွဲတုန်းကလို ပထမဒိုင်းဆုကြီးကို အရယူပြီး ရခိုင်ပြည်နယ်ကို ပြန်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြရန် စစ်တွေတက္ကသိုလ်လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် ကစားသည့်ပွဲတွင် ဝင်ကစားခဲ့သော ဘဘကြီးဦးမြင့်စိုးက အမှာစကားပါးလိုက်ကြောင်း ပြောခိုင်းလိုက်ပါသည်။ မိုခါမုန်တိုင်းလွန်ကာလ၊ ရခိုင်ပြည်နယ်၏ အားကစားနှင့် လူငယ်ကဏ္ဍ မြင့်မားတိုးတက်ရေးကိုပါ အလေးထားဆောင်ရွက်ပေးနေသည်မို့ သူတို့ကို နိုင်စေချင်သည်မှာ အမှန်ပင်။


ပြန်လည်ဆုံတွေ့ကြပါဦးစို့

ရခိုင်ပြည်နယ်အတွင်း၌ မိုခါမုန်တိုင်းမကျရောက်မီ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ များစွာရှိနေပါသည်။ သမဝါယမအသင်းများဖွဲ့စည်း၍ နွားမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ ယခုမိုးစပါးရာသီတွင်လည်း စိုက်ဧက ၆၁၁၈ ဧကကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပါဝင်စိုက်ပျိုးလျက်ရှိသည်။ မိုခါမုန်တိုင်းသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နဂိုမူလ အနေအထားထက် ပိုမိုကောင်းမွန်အောင် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေရေးလုပ်ငန်းများ၊ ထိခိုက်ပျက်စီးသွားသော လမ်း/ တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ၊ အခြားဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည်။ အထက်ဖော်ပြပါ လုပ်ငန်းများအတွက် ရခိုင်မြေ ရခိုင် ဒေသသို့ မလွဲမသွေ ထပ်မံ၍ရောက်ရပေဦးမည်။ သာလီစွပါ အမျိုးတို့၊ ပြန်လည်ဆုံတွေ့ကြပါဦးစို့။    ။


မြင့်စိုး(နတလ)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)