ဂါရဝတရားထား၍ ဖိတ်ကြားပါရစေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါရဝတရားထား၍ ဖိတ်ကြားပါရစေ




နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယာဉ်တော်အတွင်းမှာ ပူဇော်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အနယ်နယ်အရပ်ရပ်က ဘုရားဖူး ပြည်သူ သောင်းနဲ့ သိန်းနဲ့ ချီပြီး ရက်ပိုင်းအတွင်းမှာ လာရောက်ဖူးမျှော်ကြတာကို တွေ့ရပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် ပြည်သူတွေ ဘာသာတရားအပေါ်မှာ ချစ်မြတ်နိုးတတ်ကြပါရဲ့။ စာရေးသူအပါအဝင် ဂါရဝတရား အလွန်နည်းပါးတာကို ဆရာတော် ဦးဝီရသူ မိန့်ကြားမှပဲ သိလိုက်ရပါတယ်။ ဝန်ခံပါတယ်။ အားနည်းချက်ကို ပြုပြင်ထောက်ပြပေးရင် ကျွန်တော်တို့က ပြင်ဆင်ဆောင်ရွက်ကြရမှ ဖြစ်ပါတယ်။

ဘုရားကြီးကို သွားရောက်ဖူးမြော်ကြသူတိုင်းက မာရဝိဇယ လို့ပဲ ဘွဲ့တော်ကို ခေါ်ဝေါ်ပြောဆိုနေတာနဲ့ ပတ်သက်လို့ ဒီကနေ့မှာ သီရိပျံချီ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဆရာတော်ဦးဝီရသူ) က ပိဋကတော်လာ အထောက်အထားနဲ့တကွ ဂါရဝတရားထားကြဖို့ လမ်းညွှန်မှု ပေးခဲ့ပါတယ်။ ဆရာတော်က အခုနောက်ပိုင်း မီဒီယာမှာ စကားပြောလေ့ မရှိပါဘူး။ စာဝါချ၊ တရားစခန်း၊ ပညာဒါနကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေတာပါ။ အခုအခြေအနေက ဘုရားဖူးပြည်သူတွေ အများအပြားလာရောက်နေကြပြီး ဂါရဝတရားကင်းမဲ့စွာ သုံးစွဲနေတာကို ပြုပြင်တည့်မတ်ပေးလိုစိတ်နဲ့ ရုပ်သံထုတ်လွှင့်ပြီး မိန့်ကြားလာတဲ့အတွက် ကျွန်တော်လည်း ပြန်လည်ဖော်ပြပေးထားပါတယ်။

ဆရာတော် မိန့်ကြားချက်မှာတော့ ဘုရားဖူးပြည်သူများလည်း ဂါရဝတရားထားပြီး ဘွဲ့တော်ကိုခေါ်ဆိုတာမျိုးမဟုတ်ဘဲ နေပြည်တော်ဘုရားကြီး လို့ သုံးစွဲဖို့ မိန့်ကြားတဲ့အတွက် ဆရာတော်မိန့်ကြားချက်အတိုင်း ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။ ဆရာတော်ရဲ့ မိန့်ကြားချက်မှာ ဘုရားကြီးရဲ့ ဘွဲ့တော်နဲ့ page ဖွင့်ထားတာဟာလည်း မသင့်လျှော်တဲ့အကြောင်း ထည့်သွင်းမိန့်ကြားသွားပါသေးတယ်။

ဆရာတော်ရဲ့ မိန့်ကြားချက်ကို နာယူနေစဉ်မှာပဲ မူလက သတ်မှတ်ထားတဲ့ အတိုင်း ဘုရားကြီးအတွင်း အခမဲ့ ဝင်ရောက်ခွင့် ရက်ဟာ မနက်ဖန် (၁၆-၈-၂၀၂၃) ရက်နေ့ဆိုရင် ပြည့်ပြီဖြစ်တဲ့အတွက် ဗုဒ္ဓဥယာဉ်တော်အတွင်း ဝင်ရောက်ခွင့် သတ်မှတ်နှုန်းထားတွေ ထွက်လာပါတယ်။ လူတစ်ယောက်ဘယ်လောက်၊ ကားတစ်စီးဘယ်လောက်ပဲ သတ်မှတ်၊ သတ်မှတ် ဗုဒ္ဓဘာသာဝင် ဘုရားဖူးပြည်သူတွေအတွက် ပြဿနာမရှိပါဘူး။ သတ်မှတ်ချက်များတော့ နွမ်းပါးတဲ့သူ ဝင်ဖို့ နည်းနည်းတော့ ခက်ခဲမှာ ဖြစ်ပါတယ်။ သို့ပေသော်လည်း ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဒါလည်း အလှူပဲလို့ နားလည်သည့်အလျှောက် ပြဿနာမရှိပါဘူး။ ပထမဆုံးထွက်လာတဲ့ ထုတ်ပြန်စာမှာ (အလှဓာတ်ပုံရိုက်/ဗီဒီယို (Pre-Wedding) အပါ - ၅၀၀၀၀) ဆိုတော့ ၅၀၀၀၀ က ပြဿနာမဟုတ်ပါဘူး။ (Pre-Wedding) ဆိုတဲ့ ဟာကတော့ ပြဿနာပဲလို့ နေပြည်တော် အမျိုးသားရေးဦးဆောင်ဆရာတော် ဦးပညာထံ မေးမြန်းလျှောက်ထားပါတယ်။ အရှင်ဘုရား ဒါက လျော်ကန်သင့်မြတ်ပါရဲ့လား။ ဆရာတော်ကလည်း မိန့်ကြားလာပါတယ်။ "ငါတို့လည်း သတိမပြုမိဘူး။ ဘုရားကြီးကို ဘွဲ့တော်ပဲ ခေါ်ဆို အသုံးပြုနေကြတာ၊ ဆရာတော် ဦးဝီရသူ မိန့်လိုက်မှပဲ သတိပြုမိတော့တယ်။ Pre-Wedding ဆိုတာကလည်း အဂါရဝ ဖြစ်တာပေါ့" လို့ မိန့်ကြားပါတယ်။

ဒီလို သိရတဲအခါ Information Team က တဆင့် မေးမြန်းတဲ့အခါ ပြင်ဆင်ထုတ်ပြန်ပေးတာကို တွေ့ရပါတယ်။ (Pre-Wedding) ဆိုတာ မပါတော့ပါဘူး။ အခမဲ့ ဝင်ရောက်ဖူးမြော်၁၉-၈-၂၀၂၃ ရက်နေ့အထိ သုံးရက်တိုးပြီး ခွင့်ပြုပေးထားပါတယ်။ 

ဆရာတော် ဦးဝီရသူ မိန့်ကြားချက်မှာ သီရိလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာဝင်များ ပိဋကတ်တော်လာ ဆုံးမလမ်းညွှန်ချက်နဲ့အညီ ဘုရားနဲ့ ရှေ့မှာ မဖွယ်မရာ ဓာတ်ပုံရိုက်တာမျိုးတွေ မလုပ်ကြတဲ့အကြောင်းလည်း ထည့်သွင်း မိန့်ကြားထားပါတယ်။ ဘုရားဖူး ပြည်သူများအနေနဲ့လည်း ဆင်ခြင်နိုင်ရင်ဖြင့် ကုသိုလ်များပါတယ်။ ဆရာတော်ကလည်း ဂါရဝတရား ထားတတ်စေဖို့မိန့်ကြားခြင်း ဖြစ်တဲ့အတွက်ကြောင့် အမျိုး ဘာသာ သာသနာအပေါ်မှာ လေးစားတန်ဖိုးထားသူတိုင်းက ဆင်ခြင်သတိပြုမိစေဖို့ အပြုသဘောဆန်ဆန် လမ်းညွှန်တာမျိုးကိုတော့ဖြင့် လိုက်နာဆောင်ရွက်သင့်ပါတယ်။

နေပြည်တော်ဘုရားကြီးကို လာရောဖူးမြော် ကုသိုလ်ယူကြဖို့အတွက်လည်း အနယ်နယ်အရပ်ရပ်က ဗုဒ္ဓဘာသာဝင် ညီအစ်ကိုမောင်နှမများကို ဖိတ်ခေါ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)