မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအခြေအနေများအရ တပ်မတော်မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးတွင် အတူတကွ ပူးပေါင်း၍ တာဝန်ထမ်းဆောင်နေရခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအခြေအနေများအရ တပ်မတော်မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးတွင် အတူတကွ ပူးပေါင်း၍ တာဝန်ထမ်းဆောင်နေရခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား





MNP ၊ ဩဂုတ် ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။


တပ်မတော်နှင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ


ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများ၊ မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မရယူရန် လုပ်ဆောင် လာခဲ့သောကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့် အခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း  နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်မှု ဖြစ်စဉ်များ ရှိနေဆဲဖြစ်သဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ စ၍ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့် ထားသည့်အခြေအနေများ၊ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် ကာလအတွင်း ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် ချမှတ်၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုများနှင့် အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရား မျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေးကို ဦးတည်ချက်ထား၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်များ ပြောင်းလဲခဲ့မှု အခြေအနေများနှင့် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဦးစွာ ရှင်းလင်း ပြောကြားသည်။


နိုင်ငံ့အနာဂတ်အတွက် ဗလငါးတန် ပြည့်စုံသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရမည်


ဆက်လက်ပြောကြားရာတွင် အသစ်ထပ်မံချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာ၍ အောင်မြင်နိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ကျရာအခန်းကဏ္ဍက ပါဝင်ရမည်ဖြစ်ကြောင်း၊ ဦးတည်ချက်များအနက် လူငယ်များ၏ အခန်းကဏ္ဍ တစ်ခုကို ထည့်သွင်းချမှတ်ထားကြောင်း၊ အနာဂတ် နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ရန်အတွက် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူကောင်း၊ လူတော်များကို မွေးထုတ်ပေးရန်လိုကြောင်း၊ နိုင်ငံ၏ အနာဂတ်တိုးတက်ရေးအတွက် လူငယ်များသည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေပြီး အနာဂတ်တိုင်းပြည်ကို ဦးဆောင်နိုင်သည့် နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွက်လာစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်မှသာလျင် အနာဂတ် နိုင်ငံတော်အတွက် ခိုင်မာမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ယခင်က ပညာရေးစနစ်၏ အားနည်းမှု၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းမှုများရှိခဲ့ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူ များ၏ ပညာရေးတွင် အားနည်းချက်များရှိခဲ့ကြောင်း၊ ပညာရည်မြင့်မား တိုးတက်မှုသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင် ထမ်းဆောင်ချိန်မှစ၍ ပညာရည်မြင့်မားရေး ကိစ္စရပ်များကို အားပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ရေရှည်အကျိုးကို မျှော်တွေး၍ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့်လည်း ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၏ ဆိုလိုချက်နှင့် မျှော်မှန်းချက်များကို သဘောပေါက်နားလည်ကြရန်နှင့် မိမိတို့ တတ်နိုင်သည့်ဘက်မှ လိုက်နာ အကောင်အထည် ဖော်ဆောင်ကြရန်လိုသည်ကို တိုက်တွန်းမှာကြားလိုကြောင်း။


နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှု


တပ်မတော်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် အန္တရာယ်များကို ကာကွယ် စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ပြည်ပအန္တရာယ်၊ ရန်စွယ်များကို ကာကွယ်ရန်ဖြစ်ပြီး ရဲတပ်ဖွဲ့သည် ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်မှုများ၊ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရသည် ဖြစ်သော်လည်း မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအခြေအနေများအရ တပ်မတော်မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးတွင် အတူတကွ ပူးပေါင်း၍ တာဝန်ထမ်းဆောင်နေရခြင်း ဖြစ်ကြောင်း။


တပ်မတော်ကို စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်၏ စွမ်းပကားမြှင့်တင်ရန်အတွက် စစ်သည်တစ်ဦးချင်း၏ စွမ်းရည်မြင့်မားစေရေး လေ့ကျင့်ရေးတာဝန်များကို မှန်မှန်ကန်ကန်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဦးချင်းစွမ်းရည်များရှိစေရေး အမြဲလေ့ကျင့် ဆောင်ရွက်နေရန်လိုကြောင်း၊ တပ်မတော်သား အားလုံး ကျန်းမာ၊ ကြံ့ခိုင်မှုရှိစေရေးအတွက် နေထိုင်စားသောက်မှုများကို တတ်နိုင်သမျှ ပြည့်စုံအောင် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ဉာဏပိုင်းနှင့်ပတ်သက်၍လည်း စစ်အတတ် ပညာများကိုသာမက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍရပ်များအားလုံးကို ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ တစ်ဦးချင်း၏ ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက်လည်း အမြဲလေ့ကျင့် ဆောင်ရွက်နေရန်လိုကြောင်း။


အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး တစ်ဦးချင်း၏ စွမ်းဆောင်မှု၊ ကြိုးပမ်းအားထုတ်မှုမှသည် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ဖြစ်စေရေး အားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း မိမိတို့ တတ်စွမ်းသရွေ့ ဝိုင်းဝန်းအားပေး ဖော်ဆောင်သွားကြရန်လိုကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ ၏ လိုအပ်ချက်များကို မေးမြန်းသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်တက်ရောက်လာကြသည့် အရာရှိ၊စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်တပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)