အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရ



MNP ၊ ဩဂုတ် ၃

ပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် အခြေခံစားသောက်ကုန် ဈေးနှုန်းများအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်ရန် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်းထားကြောင်း သိရသည်။


အဆိုပါကော်မတီကို ၂၀၂၃ ခုနှစ် ဇွန် ၂၇ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အမိန့်ကြေညာစာအမှတ် ၁၁၄/၂၀၂၃ ဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။


ကော်မတီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးက ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများ၊ UMFCCI ဥက္ကဋ္ဌများ ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦးဖြင့်ဖွဲ့စည်းထားသည်။ အတွင်းရေးမှူးအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးဖြစ် ယင်းဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း ဆောင်ရွက်ကြကြောင်း အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။


ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ ဈေးနှုန်းများတည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်ရန်၊ အခြေခံစားကုန်ပစ္စည်းတစ်မျိုးစီ၏ ပြည်တွင်းစားသုံးရန် လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကိုချိန်ဆ၍ ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ရန်၊ ဒေသများအလိုက် ကုန်ဈေးနှုန်းများတည်ငြိမ်စေရန် လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများအတွက် အဖွဲ့အစည်းများ ဖွဲ့စည်းတာဝန်ပေးရန်နှင့် ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့်ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ်ကြီးမြင့်ခြင်း၊ ကြားခံအဆင့်များပြားခြင်း၊ သယ်ယူရာတွင် လမ်းခရီး၌မလိုအပ်ဘဲ ထိန်းချုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်တို့ဖြစ်ကြောင်းသိရသည်။


ယင်းအပြင် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးနှင့် လုံလောက်စွာ ဝင်ရောက်ရေး၊ အဝင်အထွက်မှန်ကန်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ပေးရန်၊ အခြေခံစားကုန်ပစ္စည်းများ ထုတ်လုပ်မှုတိုးချဲ့နိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ညှိနှိုင်းဖြည့်ဆည်းပေးရန်နှင့် အခြေခံစားကုန်ပစ္စည်းများကို ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့်ကိစ္စရပ်များကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း အမိန့်ကြေညာစာအရ သိရသည်။


အခြေခံစားကုန်ပစ္စည်းထုတ်လုပ်မှုမှာ အဓိကဖြစ်သည့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့၌ ထုတ်လုပ်မှုတိုးတက်လာစေရေးအတွက် လိုအပ်သည့်ပံ့ပိုးမှုများပေးခြင်း၊ တစ်နိုင်စိုက်ပျိုးရေးနှင့် တစ်နိုင်မွေးမြူရေးတို့ကို အားပေးခြင်းစသည့် စည်းရုံးရေး၊ စီးပွားရေးနည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ကုန်ထုတ်လုပ်မှုတိုး တက်မြင့်မားလာအောင် နည်းလမ်းများ ရှာဖွေပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အချက်များကိုလည်း ကော်မတီ၏လုပ်ငန်းတာဝန်များထဲတွင် ဖော်ပြထားသည်။


သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကစားခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများ မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန်လည်း ကော်မတီက လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)