ဒုတိယဆီအိုး ဖြိုးလျှံတိုးအောင် ကြံဆောင်မနှေး ပြည့်ရှေ့ရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဆီအိုး ဖြိုးလျှံတိုးအောင် ကြံဆောင်မနှေး ပြည့်ရှေ့ရေး


ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာ့စပါးကျီအဖြစ် ထင်ရှားသကဲ့သို့ ဆီအိုးကြီးအဖြစ် ပဲ၊ နှမ်း၊ ပြောင်း အထွက်များသော မကွေးတိုင်းဒေသကြီးကို တင်စားထားပါသည်။ ဤသို့ဆိုလျှင် ဆီအုန်းပင် များစွာဖြစ်ထွန်းပေါက်ရောက်နေသော တနင်္သာရီ တိုင်းဒေသကြီးသည် ဒုတိယဆီအိုးကြီးအဖြစ် မှတ်ကျောက်တင်နိုင်ရန် အလားအလာကောင်း များစွာရှိပါသည်။


ပြည်ပမှ ဆီတန်ချိန်များစွာတင်သွင်းနေရ

မြန်မာနိုင်ငံတွင် ဆီစားသုံးမှုမှာ တစ်ဦးချင်းအနေဖြင့်မြင့်မားပြီး နှစ်စဉ်ပြည်ပမှ စားအုန်းဆီတန်ချိန်များစွာ တင်သွင်း နေရပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စားသုံးဆီ တန်ချိန်ရှစ်သိန်းကျော် (အမေရိကန်ဒေါ်လာသန်း ၈၃၀ ကျော်ဖိုးခန့်) တင်သွင်းခဲ့ရသည်ဟု စစ်တမ်းများအရ သိရပါသည်။ ထိုသို့နိုင်ငံခြားငွေအဆမတန် ယိုဖိတ်မှုမှာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် များစွာအဟန့်အတား ဖြစ်ရပါ၏။

ပြည်တွင်းမှာပင် စိုက်ပျိုးထုတ်လုပ်နိုင်ပါလျက်နှင့် ပြည်ပမှဈေးကြီးပေး ဝယ်ယူတင်သွင်း စားသောက်နေခြင်းမှာ နိုင်ငံခြားထွက်ကုန်ကိုမှ အထင်ကြီးခြင်းကြောင့်လား၊ ပြည်တွင်းထွက် စားသုံးဆီ အရည်အသွေး စံမမီသောကြောင့်လား၊ ပြည်တွင်းထွက်ကုန်ပမာဏ မလုံလောက်၍လား၊ ပြည်တွင်းစားသုံးဆီဈေးနှုန်း မြင့်တက်သောကြောင့်လား။ ထို “လား” ပေါင်းများစွာကို ဖြေရှင်းနိုင်ရန်မှာ ပြည်တွင်းထွက်ကုန် အားကောင်းပြီး အရည်အသွေး စံချိန်မီရန် အရေးအကြီးဆုံး ဖြစ်ပါသည်။


စားဆီအမျိုးအစားသုံးမျိုး

ကျန်းမာရေးနှင့်ညီညွတ်စေရန် လူတစ်ဦးသည် တစ်ရက်လျှင်ဆီ ၁ ဒသမ ၈ ကျပ်သားမျှသာ စားရန် လိုအပ်၏။ စားသုံးဆီကို အဓိက သုံးမျိုးခွဲခြားနိုင်ပါသည်။ မပြည့်ဝဆီ၊ ပြည့်ဝဆီနှင့် အသွင်ပြောင်း ဆီတို့ဖြစ်ပါသည်။ မပြည့်ဝဆီသည် သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ ပြောင်းဖူးစေ့ ဆီ၊ ထောပတ်သီးဆီ စသည့် ဟင်းသီးဟင်းရွက်ဆီ များဖြစ်ကြပြီး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည်။

ပြည့်ဝဆီတွင် ဝက်ဆီ၊ အမဲဆီ၊ ကြက်ဆီ၊ စားအုန်းဆီ၊ နို့နှင့်နို့ထွက်ပစ္စည်း စသည်တို့ ပါဝင်ပြီး ကျန်းမာရေးကို အကျိုးပြုသည့်အဆီဓာတ်နှင့် အကျိုးမပြုသည့်အဆီဓာတ် ရောနှောပါဝင်သည်။ ပြည့်ဝဆီကို နည်းနိုင်သမျှနည်းအောင် ဂရုပြု စားသင့်ပါသည်။ စွမ်းအင်အာဟာရစားသုံးမှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းအောက် လျှော့စားရပါမည်။ အကြိမ်ကြိမ်ပြန်ကြော်ထားသောဆီများ၊ ပြန်လည် သန့်စင်ထားသောဆီများသည် အသွင်ပြောင်းဆီ အမျိုးအစားထဲတွင် ပါဝင်သည်။


ရောဂါများဖြစ်ပွားစေ

ထိုပြောင်းလဲဆီများကို ရေရှည်စားသုံးလျှင် နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားစေသည့်အပြင် ကင်ဆာ ရောဂါအထိ ဖြစ်နိုင်ပါသည်။ ထိုထက်ဆိုးရွားသည်မှာ စားသုံးရန်မသင့်သည့် ဆီများထဲသို့ မြေပဲ၊ နှမ်း၊ နေကြာအနံ့များထည့်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းကြောင့် ကျန်းမာရေးထိခိုက်စေခြင်းပင် ဖြစ်ပါသည်။ ဆီကိုအလွန်အကျွံစားသုံးလျှင် အဝလွန်ခြင်း၊ အသည်း အဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံး ရောဂါအမျိုးမျိုး၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်းတို့အပြင် ကင်ဆာရောဂါအထိဖြစ်နိုင် ပါသည်။ အဆီဓာတ်နည်းလျှင်မူ ကိုလက်စထရောဓာတ် လျော့ပါးနိုင်သဖြင့် လုပ်ငန်းဆောင်တာများ ချို့ယွင်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ မှတ်ဉာဏ် အားနည်းခြင်း၊ အရိုးအဆစ်များနာကျင်ခြင်း စသည်တို့ ဖြစ်တတ်ပါသည်။


မှိုဆိပ်(အာဖလာတော့ဆင်)ပါဝင်နိုင်

ထို့ပြင် ပဲ၊ နှမ်း၊ နေကြာ၊ အုန်း စသည့်အစေ့ အဆန်များမှ ထုတ်ယူသည့်ဆီများတွင် သိုလှောင်မှု စနစ် ချို့ယွင်းမှုကြောင့် မှိုပေါက်ပွားကာ မှိုဆိပ် (အာဖလာတော့ဆင်) ပါဝင်နိုင်ပါသည်။ ထိုမှိုဆိပ်ကို ရေရှည် စားသုံးမိလျှင် အသည်းကြွပ်ဆတ်ကာ အသည်းကင်ဆာအထိ ဖြစ်နိုင်ပါသည်။ စားသုံးရန် မသင့် (ခွင့်မပြု) ဓာတုပစ္စည်းများ ရောထားသည့် ဆီများကို ရေရှည်ကြာမြင့်စွာ စားသုံးမိလျှင်လည်း အူမကြီးထိခိုက်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း၊ အာရုံကြော ပျက်စီးခြင်း၊ အယ်လ်ဇိုင်းမားရောဂါ၊ သူငယ်ပြန် ရောဂါ၊ သွေးကြော အဆီပိတ်ရောဂါများ ဖြစ်စေပါ သည်။


 ပြည်တွင်းဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်

“တန်ဆေး၊ လွန်ဘေး” ဆိုသလိုပင် ဆီလျှော့ စားခြင်းသည် ကျန်းမာရေးအတွက် အကောင်းဆုံး ပင်ဖြစ်ပါသည်။ တစ်ဖက်မှလည်း ပြည်တွင်းဆီ လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် စားအုန်းဆီ ပိုမို ထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ရပါမည်။ ယခင်ကတည်းကပင် တောမပျက်၊ တောင်မပျက် စိုက်ပျိုးခဲ့ကြသော ဆီအုန်းပင်များကို တိုးချဲ့စိုက်ပျိုး ကြရပါမည်။ “အမျိုးမှန်မှ အဖိုးတန်”ဟူသည့်အတိုင်း ပျိုးပင် မျိုးကောင်း၊ မျိုးသန့် ရွေးချယ်စိုက်ရန် အထူး လိုအပ်ပါသည်။ စိုက်ပျိုးမြေအရည်အသွေးကိုလည်း စဉ်ဆက်မပြတ် စစ်ဆေး၊ ဖြည့်တင်းရမည် ဖြစ်ပါ သည်။ ရေအလုံအလောက်ရရန်လည်း အလေးပေးရ ပါမည်။ သက်တမ်းကုန်အပင်များကို ဖယ်ရှားပြီး ပြန်လည်အစားထိုးစိုက်ပျိုးရန် လိုပါသည်။


ဆီချောအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း

သို့မှသာ ကုန်ကြမ်းပြတ်လပ်မှုမရှိနိုင်ပါ။ တစ်ဖက်တစ်လမ်းမှ ခေတ်မီစိုက်ပျိုးနည်းစနစ် များ အသုံးပြုခြင်းဖြင့် ဆီအုန်းအထွက်တိုးအောင် ကြံဆောင်သလို စားသုံးဆီချောအဖြစ် ပြောင်းလဲ ထုတ်လုပ်ခြင်းတွင်လည်း စံချိန်မီနည်းစနစ်များ လိုအပ်ပါသည်။ ဆီအုန်းခိုင်များကိုခုတ်ပြီး ဆီကြိတ် စက်ရုံများသို့ ပို့ဆောင်ရာတွင် လမ်းခရီးဝေးလွန်း သဖြင့် အချိန်ကြာမြင့်သွားပါက ဆီအရည်အသွေး ကျဆင်းသွားပါသည်။ ဆီကြိတ်စက်သည် ဆီအုန်းခြံ များနှင့် နီးနိုင်သမျှ အနီးဆုံးတွင် ရှိရပါမည်။ သို့မှ သာ အုန်းပျိုဆီ (Virgin Oil) ကဲ့သို့သော တန်ဖိုးမြင့် ထုတ်ကုန်များကိုလည်း အလွယ်တကူ ထုတ်လုပ် နိုင်မည်ဖြစ်၏။ “နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်နိုင်” ဟု ဆိုစေကာမူ နှမ်းတစ်တောင်းဖြင့်တော့ ဆီကြိတ်နိုင် ပါသည်။

 စားအုန်းဆီထုတ်လုပ်ခြင်းအတွက် ဆီအုန်းပင် တိုးချဲ့စိုက်ပျိုးခြင်း၊ စံချိန်မီနည်းစနစ်များဖြင့် စားသုံးဆီ တိုးမြှင့်ထုတ်လုပ်ခြင်းတို့ကို တတ်နိုင်သမျှ အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြမည် ဆိုလျှင် ဝမ်းစာအတွက် မပူမပင်ရမည့်အပြင် နိုင်ငံခြားထွက်ငွေကို “စီးသည့်ရေ ဆည်သည့် ကန်သင်း”ကဲ့သို့ တားဆီးနိုင်မည်ဖြစ်ပါသည်။ တစ်နိုင်တစ်ပိုင် စားသောက်ကုန်ထုတ်လုပ်ငန်းမှ တစ်ဆင့် အကြီးစားစက်မှု စီးပွားရေးလုပ်ငန်းအထိ လှမ်းတက်နိုင်ပါမည်။ ဒေသခံတို့၏ အခွင့်အလမ်း လည်း ကျယ်ပြန့်လာပါမည်။

“တနင်္သာရီတိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းမွန်ပြီး နဂိုရှိရင်းစွဲ သယံဇာတအရင်းအမြစ် များ ကြွယ်ဝသည့်အတွက် အနာဂတ်မျှော်မှန်းချက် များစွာရှိသည့်ဒေသတစ်ခုဖြစ်ကြောင်း၊ ပညာရေး ကို အားပေးကြစေလိုပြီး စနစ်ကျနသည့် စီးပွားရေး လုပ်ငန်းများ ပေါ်ထွက်လာရေးကို အားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း’’ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တနင်္သာရီတိုင်းခရီးစဉ် (၁၃-၁-၂၀၂၂ ရက်) တွင် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထိုသို့ ဆိုမိန့်ခဲ့သည့်အတိုင်း အဖိုးထိုက်တန်လှသည့် မြေဆီ မြေနှစ်ကို စားအုန်းဆီပင်စိုက်ပျိုးရေးတွင် စနစ် တကျအကျိုးရှိအောင်အသုံးချမည်ဆိုပါက “မြေကြီးမှ ရွှေသီး’’လာမည်မှာ ဧကန်မလွဲပါတည်း။

ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီကို ဒေသထွက်ကုန်အဖြစ် ဖူလုံစွာစားသုံးနိုင်ပြီး နိုင်ငံ့စီးပွား၊ ပြည့်ခွန်အားအဖြစ် ကြွေးကြော်နိုင်ရန် ဆီအုန်းပင်များ ဆတက်ထမ်းပိုး စိုက်ပျိုးကာ အရည်အသွေးစံချိန်မီ စားသုံးဆီများ ထုတ်လုပ်ခြင်းဖြင့် စုပေါင်းကြံဆောင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။   ။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)