၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ







MNP ၊ ဩဂုတ် ၂၁

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ပညာရေးဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက “ဂုဏ်ပြုချီးမြှင့်ခြင်း” ဆိုသည်မှာ အများထက်သာလွန်သည့် ထူးချွန်ထက်မြက်မှုများ၊ ကြိုးစားအားထုတ်မှုများစသော ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံသူများကို အသိအမှတ်ပြုပြီး ခမ်းခမ်းနားနားချီးမြှင့်ပေးခြင်း ဖြစ်ကြောင်း၊ မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာတွင်လည်း ဂုဏ်ပြုထိုက်သူကို ချီးမြှောက်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်း၊ “ထူးချွန်ထက်မြက်သူ” ဆိုသောဂုဏ်ပုဒ်ကိုရရန် ရည်မှန်းချက်မြင့်မား၍ ကိုယ်တိုင်ကြိုးစားအားထုတ်လိုစိတ် ရှိရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကို အမြဲစူးစမ်းလေ့လာ၍ ပကတိအခြေအနေထက်သာလွန်အောင် ဆောင်ရွက်လိုစိတ်ရှိရမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများသည် အဆိုပါအရည်အချင်းများနှင့် ပြည့်စုံကြသူများဖြစ်၍ ယခုကဲ့သို့ဂုဏ်ပြုရခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ပညာရေးလုပ်ငန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် ဖျော်ဖြေကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်သူများက “ဘက်စုံပညာရည်တို့လှမ်းချီ” တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေကြပြီး ဆုရကျောင်းသား/ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။


ထို့နောက် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် ဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောင်းသားကျောင်းသူများ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။


ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ပညာရေးဝန်ထမ်းသားသမီး (၂၂၄၅)ဦး‌ အောင်မြင်ခဲ့ပြီး (၆)ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၃၇)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၆၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၉၉)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂၂၁)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင်(၅၀၂)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၂၀၈)ဦးရှိပြီး ယနေ့အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၌ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအပြင် သက်ပြည့်အငြိမ်းစားနှင့် ကွယ်လွန်သူများ၏ သား/သမီးများကိုပါ ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ် တစ်သိန်းနှုန်း ၊ ရိုးရိုးအောင်မြင်သူတစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)