မော်စကိုသို့ တိုက်ခိုက်သည့် ဒရုန်းယာဉ် ၃ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်စကိုသို့ တိုက်ခိုက်သည့် ဒရုန်းယာဉ် ၃ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား





မော်စကို၊ ဩဂုတ် ၂၃ 

မော်စကိုအား တိုက်ခိုက်သည့် ယူကရိန်း ဒရုန်းယာဉ် ၃ စင်းကို ရုရှားစစ်တပ်က ဖျက်ဆီးနိုင်ခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် လူသေဆုံး ဒဏ်ရာရမှု မရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အချင်းဖြစ်ပွားသည့်နေ့ ဩဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် ယူကရိန်းဘက်က ဒရုန်းယာဉ် ၃ စင်းဖြင့် မော်စကိုအား တိုက်ခိုက်ခဲ့ရာ ၎င်းတို့အနက် ဒရုန်းယာဉ် ၂ စင်း ကို မော်စကိုပြည်နယ် Mozhaysk နှင့် Khimki ခရိုင် ဝေဟင်တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်က ဖျက်ဆီးခဲ့ကြောင်း၊ ကျန်တစ်စင်းကို အီလက်ထရောနစ်စနစ်ဖြင့် ဖိနှိပ်ခဲ့ရာ အထိန်းအကွပ်မဲ့ပြီး မော်စကိုမြို့ရှိ ဆောက်လက်စ အဆောက်အဦတစ်ခုအား တိုက်မိခဲ့ကြောင်း ၊ အချင်းဖြစ်ပွားမှုကြောင့် လူသေဆုံး ဒဏ်ရာရမှု မရှိခဲ့ကြောင်း မော်စကို ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့တွင် လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြခဲ့သည်။

အချင်းဖြစ်ပွားသည့်နေ့ နံနက်ပိုင်းက မောင်းသူမဲ့ ဒရုန်းယာဉ်တစ်စင်းက မော်စကိုမြို့ရှိ ဆောက်လက်စ အဆောက်အဦအား တိုက်မိမှု ဖြစ်ပွားခဲ့ရာ အဆောက်အဦ အနည်းငယ်ပျက်စီးခဲ့ပြီး အနီးရှိ ငါးထပ် အဆောက်အဦနှစ်ခု၏ ပြတင်းပေါက်များ ပျက်စီးခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sergey Sobyanin က လူမှုကွန်ရက် စာမျက်နှာတွင် အတည်ပြုဖော်ပြထားသည်။ ကနဦးသတင်းများအရ အချင်းဖြစ်ရပ်ကြောင့် ဒဏ်ရာရမှုမရှိခဲ့ကြောင်း သိရသည်။

မော်စကိုရှိ Sheremetyevo၊ Vnukovo၊ Domodedovo နှင့် Zhukovsky လေဆိပ်များ ယာယီ ပိတ်ထားခဲ့ပြီးနောက် ပုံမှန် ပြန်လည် လည်ပတ်ခဲ့ကြောင်း ရုရှား အရေးပေါ်ရေးရာဌာန၏ သတင်းများကို ကိုးကား၍ TASS သတင်းဌာနက ဖော်ပြထားသည်။ 


Ref - (Xinhua)

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)