ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲမြို့၊ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်၊ စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲမြို့၊ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်၊ စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု




MNP ၊  ဩဂုတ်  ၄

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက သံတွဲမြို့၊ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြား ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ သံတွဲခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများရာနှုန်းပြည့် ဆောင် ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့၊ သီရိမင်္ဂလာမြို့ဦးကျောင်း၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် သံတွဲမြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ၊ သီရိမင်္ဂလာမြို့ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ရေဝတထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည် ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များ အား ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မဟာဗောဓိစာသင်တိုက် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကလျာဏအရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှုအစုစု အတွက်ရေစက်သွန်းချ အမျှပေးခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့၊ ဆုတောင်းပြည့်ဘုရားကြီးတိုက်ကျောင်း ဓမ္မာရုံ၌ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒွါရာဝတီ တံတားပေါ်မှ သံတွဲချောင်းရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ရေကြီး ရေလျှံမှု ဖြစ်ပေါ်ရခြင်းနှင့် သံတွဲချောင်းရေစီရေလာကောင်းမွန်ရေး ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၄) ရပ်ကွက် ရွှေဆံတော်တောင်ခြေဓမ္မာရုံ၌ ရေဘေးသင့် ပြည်သူများနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းများပေးအပ်ကာ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၇) ရပ်ကွက်တို့တွင် မြေနိမ့်ပိုင်းနေရာများ၌ ရေဝင်ရောက်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှုကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ သံတွဲမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သံတွဲချောင်းရေသည် စိုးရိမ်ရေအမှတ်ထက် မြင့်တက်လာခြင်းကြောင့် မြေနိမ့်ပိုင်း တွင်နေထိုင်ကြသည့် ပြည်သူများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားပြီး ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောင့်မှုပေးခြင်း၊ နယ်မြေခံတပ်မတော်သားများနှင့် သက်ဆိုင်ရာ ဌာနများက လိုအပ်သည့် ကူညီပံ့ပိုးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိန္တလီမြို့၊ ရှောက်ကုန်းကျေးရွာ၌ အကျိုးဆောင် တောင်သူများဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆင်းသွယ်လတ်စပါး ၁၅ ဧက မျိုးစေ့ထုတ် စံပြ စိုက်ခင်း ထွန်ယက်စိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး တောင်သူများ၏ တင်ပြချက် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ကောက်စိုက်လုံမေများနှင့် တောင်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာ၌ စိုက်ပျိုးရေးဦးစီး ဌာနမှဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာဖော်ဆောင်ခြင်း မိုးစပါးမျိုးစေ့ထုတ်နှင့် အထွက်နှုန်း တိုးတက်ရေး စိုက်ပျိုးထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး က မြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ မိုးသီးနှံစိုက်ပျိုးမှုအခြေအနေနှင့် မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ထွန်စက်ကြီးများဖြင့်ထွန်ယက်ပြသခြင်း၊ လက်တွန်းထွန်စက်ဖြင့် ထွန်ယက်ပြသခြင်းနှင့် ကောက်စိုက်သမဖြင့်စိုက်ပျိုးပြသခြင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး တောင်သူများနှင့် တွေ့ဆုံကာ ယခင်ထက် အထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ စနစ်တကျ စိုက်ကြရေးမှာကြား၍ တောင်သူများ၏ တင်ပြချက်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကာ စားသောက်ဖွယ်ရာ များပေးအပ်ခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်မိုးစပါးများ ပျိုးထောင်ထားရှိမှုနှင့် ဒေသမျိုးအုန်းသီးနှံ ပျိုးထောင်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဂွမြို့နယ်အတွင်း အုန်းသီးနှံစိုက်ပျိုးမည့်အခြေအနေနှင့် ပျိုးပင်များဖြန့်ဝေထားရှိမှု တို့ကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရိပ်သာ ကမ်းထိန်းနံရံ ရေတိုက်စား၍ ပြိုကျပျက်စီးနေမှုအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေး သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး ဆောင်ရွက်မည့် အစီအမံများအား သက်ဆိုင်ရာတာဝန်ရှိသူများကို လမ်းညွှန်မှာ ကြားခဲ့သည်။


မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက် ကြသည်။ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူး သန့်ဇင်အောင်က ဂွမြို့နယ်၏ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖ များ၊ ဒေခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတစ်ခုတွင် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း ဖြင့်ထိုဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများကလည်း မိမိတို့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များကိုလည်း သက်ဆိုင်ရာဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ရှင်းလင်း ပြောကြားပြီးဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လိုသည့်ကိစ္စများကို မြို့နယ်၏ စီမံကိန်း ရေးဆွဲဆောင်ရွက်ရာတွင် ထည့်သွင်းရေးဆွဲနိုင်ရေး ဌာနဆိုင်ရာများအနေဖြင့် ကွင်းဆင်းဆောင်ရွက်ကာ ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိုခါဆိုင်က လုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးဆောင်ရွက်သည့်အခါ နိုင်ငံတော်အကြီးအကဲက ယခင် အခြေအနေထက်သာ လွန်ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ပြန်လည်ထူထောင်ရေး ကာလဆိုသည်မှာ မုန်တိုင်းသင့် ဒေသတစ်ခုတည်း မဟုတ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ မြို့နယ်များကိုလည်း ယခင်ထက်သာ လွန်ကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့ဌာန၏ မူလတာဝန်များကို ယခင်ထက်သာလွန်ကောင်းမွန်အောင် ဆောင်ရွက်သွားကြ မည်ဆိုလျင်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ကြိုးစားဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ မုန်တိုင်းကာလအလွန်တွင် နိုင်ငံတော်အကြီးအကဲက ပညာရေး၊ ကျန်းမာရေးနှင့် သာသနိကအဆောက်အဦများကို ဦးစားပေးဆောင်ရွက်ရန်မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လတစ် ရက်နေ့တွင် မိမိတို့ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းများကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ အလားတူ လမ်းများ၊ တံတားများ၊ လျှပ်စစ်မီးများရရှိနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဌာနဆိုင်ရာအကြီး အကဲများလည်း ယခုခရီးစဉ်တွင် လိုက်ပါလာကြပြီး မိမိတို့၏ရုံးဌာနများ၊ ဒေသခံပြည်သူထိတွေ့နိုင်အောင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်နိုင်အောင်မှာ ကြားထားပါကြောင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အုပ်ချုပ်မှုအဖွဲ့အစည်းများကလည်း ပြည်သူများနှင့် ထိတွေ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ဒေသခံပြည်သူများကလည်း ဌာနဆိုင်ရာအသီးသီး၏ အားကိုရယူကာ မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)