MNP ၊ ဩဂုတ် ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပညာတံခွန် စာကြည့်တိုက်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပညာတံခွန်စာကြည့်တိုက် ဖွင့်လှစ်ရာတွင် ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေး၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေ၊ အ.ထ.က(၃)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့ရီစောနှင့် ကျောင်းအကျိုးတော်ဆောင် ဦးရီလိတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီးနောက် တက်ရောက်လာကြသူများက စာကြည့်တိုက်အတွင်းရှိ သုတ/ရသစာအုပ်များ ခင်းကျင်းပြသထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ရတနာခန်းမတွင် ဆက်လက်ကျင်းပရာ Grade-10 ကျောင်းသားကျောင်းသူများက ဘက်စုံပညာရည် ဒို့လှမ်းချီ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က အဆိုပါ အခမ်းအနားနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားကြပြီး အ.ထ.က(၃) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သော ဂုဏ်ထူးရှင်များ နှင့် ရိုးရှိးအောင် ကျောင်းသား၊ ကျောင်းသူ များ၊ Grade-9 နှင့် Grade-5 စာမေးပွဲတွင် A အဆင့်ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများနှင့် အကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြ ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment