ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၀)ကြိမ်မြောက်အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၀)ကြိမ်မြောက်အစည်းအဝေး တက်ရောက်


MNP ၊ ဩဂုတ် ၂၉

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတွင် ဩဂုတ် ၂၆ ရက်မှ ၂၇ ရက် အထိ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၀)ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။


အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ဦးစားပေးလုပ်ငန်းစဉ်များဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Dian Triansyah Djaniနှင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေး မှူးချုပ်နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဒုတိယဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုးလိုက်ပါ တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် မလေးရှားနိုင်ငံကွာလာ လမ်ပူမြို့၌ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၉)ကြိမ်မြောက် အစည်း အဝေး အစီရင်ခံစာနှင့် ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြသည်။ ထို့နောက် အာဆီယံအသိုက် အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်စာတမ်းမူကြမ်းတွင် သက်ဆိုင်ရာမဏ္ဍိုင်များဖြစ်ကြသည့် စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့ (HLTF-EI)၊ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် (Committee for the ASEAN Socio-Cultural Community-SOCA) နှင့် အာဆီယံပေါင်းစည်း ဆက်သွယ်မှုဆိုင်ရာ ညှိနှိုင်းရေးကော်မတီ (ASEAN Connectivity Coordinating Committee- ACCC) များမှ ပေးပို့လာသည့် သဘောထားအကြံပြုချက်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် စာတမ်းအား အပြီးသတ်ရေးဆွဲခဲ့ကြပြီးအဆိုပါ မျှော်မှန်းချက်စာတမ်းအား “အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅” အမည်ဖြင့် သတ်မှတ်အဆိုပြုရန် သဘောတူညီခဲ့ကြသည်။


ဒုတိယဝန်ကြီးက ၂၀၂၅ ခုနှစ်အလွန် အာဆီယံမျှော်မှန်းချက်တွင် အာဆီယံအသိုက်အဝန်းသည် အဖွဲ့ဝင်နိုင်ငံများအကြားသော်လည်းကောင်း၊ အာဆီယံနှင့်အခြားသောကမ္ဘာ့နိုင်ငံများအကြား သော်လည်းကောင်း ဖွံ့ဖြိုးမှုကွာဟချက် လျော့ကျရေးသည် အလွန်အရေးပါပါကြောင်း၊ သို့ဖြစ်ရာ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတွင် ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး အစီအစဉ်များသည် ဦးစားပေးအဖြစ် ဆက်လက်ထားရှိသင့်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်း ပေါင်းစပ်မှုများသည် သင့်တော်မျှတပြီးခိုင်မာ၍ အပြန်အလှန်အကျိုးကျေးဇူးရှိစေမည့် စီးပွားဆက်သွယ်ရေးဖြစ်စေရန် အာဆီယံအချက်အချာကျမှု (ASEAN Centrality) ကို အခြေပြု ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း အလေးထား ဆွေးနွေးခဲ့သည်။


အဆိုပါတက်ကြွ၍ ကြံ့ခိုင်မှုရှိသော ပြည်သူဗဟိုပြု အာဆီယံဆောင်ပုဒ်ဖြင့် ၂၀၄၅ အာဆီယံ မျှော်မှန်းချက်စာတမ်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာ လတွင်ပြုလုပ်မည့် (၃၄)ကြိမ်မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွင် အတည်ပြုချက်ရယူကာ (၄၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြ၍ မှတ်တမ်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)