ကျိုင်းတုံမြို့နှင့် မန္တလေးမြို့တို့၌ ဆွမ်းလောင်းလှူပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နှင့် မန္တလေးမြို့တို့၌ ဆွမ်းလောင်းလှူပွဲများပြုလုပ်



MNP ၊ ဩဂုတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်မင်္ဂလာနှင့် သံဃာတော်များအား ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသား များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ဆွမ်းများ ဆက်ကပ်ပူဇော်ပြီး ဘုရားကြီးအား မျက်နှာတော်သစ် ရေသပ္ပါယ်ကာ ရွှေသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ကျိုင်းတုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လောင်းလှူကြသည်။

အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဝါတွင်းကာလ သံဃာ့ဒါန ဆွမ်းလောင်း လှူပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အရှေ့ဘက် နန်းမြို့ရိုး နှင့် ကျုံးရေပြင်ကြားရှိ ရတနာပုံဥယျာဉ်၌ပြုလုပ်ရာ မန္တလေးမြို့၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ထုတိဝရ အမှူးပြုသော သံဃာတော် ၃၁၀ ပါးတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို သတ်မှတ် နေရာအသီးသီး၌ လောင်းလှူပူဇော်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အမရပူရ မြို့နယ်၊ မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရောက်ပြီး သက်တော် ၉၁နှစ်၊ ဝါတော် ၇၁ ဝါရှိ နိုင်ငံတော်ဩဝါဒါစရိယ မဟာဂန္ဓာရုံကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဣန္ဒေါဘာသာဘိဝံသအား ဖူးမြော်ကြည် ညိုပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေ အနေများကို မေးမြန်းလျှောက်ထားကာ လိုအပ်သည့်ဆေးဝါးကုသမှုများခံယူနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)