၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် သင်ထောက်ကူပြုစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် သင်ထောက်ကူပြုစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်




MNP ၊  ဩဂုတ်  ၃

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် သင်ထောက်ကူပြု စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင်ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ဆုရကျောင်းသူ/ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကျောင်းသားကျောင်းသူလေးများက “ဘက်စုံပညာရည်တို့လှမ်းချီ” သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၄)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ ရိုးရိုးအောင်မြင်သူ(၂၉)ဦး၊ စုစုပေါင်း(၃၆)ဦးတို့ကို ဥက္ကဋ္ဌ ဦးညီနပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။


ဆက်လက်၍ ဟိုပန်မြို့နယ်တွင်းရှိ(ထက်/လယ်/မူ) ကျောင်းများသို့ ဗလာစာအုပ်ဒါဇင်(၅၀၀)၊ ခဲတံဒါဇင်(၂၅၀)၊ ခဲချွန်စက်(၆၀၀)ခု၊ ခဲဖျက်(၆၀၀)ခု၊ ပေတံဒါဇင်(၂၀၀)တို့ကို ဥက္ကဋ္ဌ ဦးညီနပ်ကပေးအပ်ရာ မြို့နယ်ပညာရေးမှူးဦးအောင်မိုးက လက်ခံရယူခဲ့သည်။ ယင်းနောက် ဂုဏ်ပြုဆုရ ကျောင်းသားကျောင်းသူများကိုယ်စား (၄)ဘာသာဂုဏ်ထူးရှင် မနှင်းရတနာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသူကျောင်းသားလေးများက “ ပြည်မြန်မာ ” သီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


အလားတူ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်တွင် ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အခြေခံပညာကျောင်းများအတွက် ကျောင်းသုံးသင်ထောက်ကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကိုပြုလုပ်ရာ မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက သင်ထောက်ကူပစ္စည်းများ ဆက်လက်ဖြန့်ဝေပေးမည့် အစီအစဉ်၊ ပညာရေးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ ပေးပို့ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ထောက်ပံ့မှုဖြင့် ဗလာစာအုပ် (၅၀၀)ဒါဇင်၊ ဘောပင်(၁၆၀၀)ချောင်း၊ ခဲတံ (၄၀၀)ဒါဇင်၊ ခဲဖျက်(၄၀၀)ခု၊ ခဲချွန်စက်(၄၀၀)ခုနှင့် ပေတံ(၁၂၀၀)ချောင်းအား လွှဲပြောင်းပေးအပ်ရာ မက်မန်းမြို့နယ် ပညာရေးမှူး ဦးခင်မောင်ကျော်နှင့် မက်မန်းမြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)