နိုင်ငံရေးသမားတွေကို ဘုန်းကြီးကြောက်တယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးသမားတွေကို ဘုန်းကြီးကြောက်တယ်



ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ရန်ကုန်မြို့ပေါ်က တရားပွဲတော်တော်များများကို အပေါင်းအသင်းတွေနဲ့ သွားရောက် နာကြားဖြစ်တယ်။ အခွင့်အခါသင့်တဲ့အခါတိုင်း အဖော်တွေနဲ့ အတူ တရားသွားနာပါတယ်။ အမျိုးသားရေးဆရာတော်တွေရဲ့ တရားပွဲတွေ အနှောက်အယှက်လေးတွေ ရှိလာတော့လည်း တခြားမြို့နယ်တွေမှာ ကျင်းပတဲ့ တရားပွဲတွေကိုပါ သွားဖူးပါတယ်။

ဆရာတော်ရဲ့ ဘွဲ့တော်ကိုတော့ မပြောတော့ပါဘူး။ ဓမ္မကထိက ဆရာတော်က အတွေ့အကြုံအပေါ် အခြေခံပြီး နိုင်ငံရေးသမားတွေ ကြောက်စရာကောင်းပုံကို ဟောတယ်။ ဆရာတော် ဟောတာကို နားထောင်ပြီး ကိုယ်လည်း အဲဒီလောက်ကြီး ယုတ်မာတဲ့ နိုင်ငံရေးသမားမျိုးတွေနဲ့ မထိတွေ့ဘူးတော့ ဆရာတော်ဟောတာ များလွန်းတယ်လို့ ထင်ခဲ့မိတယ်။ ဆရာတော်ကိုတော့ စောဒကတက်လို့ ဘယ်ရမလဲဗျာ။ ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့။ ကိုယ်တိုင်လည်း နိုင်ငံရေးတချို့နဲ့ ထိတွေ့ဖူးပါတယ်။ အလွန်အကျွံရိုင်းစိုင်း ယုတ်မာတဲ့ နိုင်ငံရေးသမားတွေနဲ့တော့ မဆက်ဆံခဲ့ဖူးဘူးပေါ့ဗျာ။ 

ထိတွေ့ဆက်ဆံရင်းက နိုင်ငံရေးသမားတွေရဲ့ သဘောထားကို သိသင့်သလောက်လည်း သိတယ်။ သို့သော် သူတို့ဆီက ယူသင့်တဲ့ ပညာလည်း ရှိတယ်။ သူတို့ သိထား၊ လေ့လာထားတာတွေက ကိုယ်မသိသေးတာတွေ ဖြစ်နေတာမျိုးလည်း ရှိတယ်။ 

အခု ရက်ပိုင်းအတွင်းက ကျောက်မဲဆရာတော်ကြီး ဟောတဲ့တရားကို လူယုတ်မာနိုင်ငံရေးသမားတွေ လိုရာစွဲပြီး ပုံဖော်သွားတာကို တွေ့ရတော့မှ ငယ်စဉ်က ဓမ္မကထိက ဆရာတော်ဟောကြားတဲ့ နိုင်ငံသမားတွေ ယုတ်မာတဲ့အကြောင်း ဟောကြားခဲ့တာကို သွားပြီး အမှတ်ရမိတယ်။

ဘာတဲ့ ကျောက်မဲဆရာတော်ကြီးရဲ့ တရားကို လူယုတ်မာနိုင်ငံရေးသမားတွေ ခေါင်းစဉ်တပ်သွားတာက လက်သုံးချောင်းတရား၊ တော်လှန်ရေးတရား မျိုးစုံလို့ပါပဲ။ အဲဒီလောက်နဲ့ အားမရသေးဘူး။ ဆရာတော်ကြီးကိုပဲ ဖမ်းလိုက်သလိုလို သတင်းလွှင့်ကြသေးတာ။ ဟောတဲ့ ဆရာတော်ကလည်း ဓမ္မကို ဟောတဲ့ နာကြားရတဲ့ ပုဂ္ဂိုလ်တွေကလည်း တရားသဘောကို နားလည်ကြတယ်။

လူယုတ်မာနိုင်ငံရေးသမားတွေ လိုရာစွဲပြီး ပုံဖော်လိုက်တဲ့အခါကြတော့မှ ဟိုးလေတကြော်ကြော် ဖြစ်ပြီး အများပြည်သူကြားမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ကုန်ကြရတယ်။

ဆရာတော်ကြီး ဟောကြားသွားတဲ့ အချက်သုံးချက်မှာ -

(၁) မကောင်းတဲ့ အလုပ်ကို မလုပ်ပါနဲ့။

မိမိကိုဖြစ်စေ သူတစ်စပါးကို ဖြစ်စေ၊ မိမိ သူတစ်ပါး နှစ်ဦးလုံးကို ဖြစ်စေ ထိခိုက်စေတဲ့ အလုပ်မျိုး၊ အကျိုးမရှိတဲ့ အလုပ်မျိုး၊ စိတ်ဆင်းရဲတဲ့ အလုပ်မျိုး ရှောင်ပါ၊ မလုပ်ပါနဲ့။

(၂) ကောင်းတဲ့ အလုပ်ကိုတော့ လုပ်ပါ။

ကောင်းတဲ့ ကာယကံ လုပ်၊ ကောင်းတဲ့ ဝစီကံ ပြော၊ ကောင်းတဲ့ မနောကံ ကြံစည်ပါ။

(၃) မိမိရဲ့ စိတ်ကို ဖြူစင်အောင် ထားရမယ်။

(စိတ်ကောင်း ရှိရမယ်လို့ ဆိုလိုတာ။ ပုထုစဉ်တွေရဲ့ စိတ်ဆိုတာ တောင်းတမှုတွေ၊ အလိုမကျမှုတွေ၊ မကျေနပ်မှုတွေနဲ့ ပြည့်နေတာ၊ မည်းညစ်နေတာ၊ အဲဒါကို ဖြူစင်အောင်ထားပါတဲ့)


ဆရာတော်ကြီးရဲ့ တရားကို လိုရာစွဲ ပုံဖော်နေကြတဲ့ နိုင်ငံရေးသမားတွေက ဆရာတော်ကြီးကပဲ တော်လှန်ရေးအတွက် ရည်ရွယ်ပြီး ဟောသလိုလို၊ လက်သုံးချောင်းတရားပဲ ဟောသွားသလိုလို ပုံဖော်ရေးသားနေမယ့်အစား ဆရာတော်ကြီးရဲ့ သြဝါဒကို နားလည်မယ်။ လိုက်နာကျင့်သုံးမယ်ဆိုရင် လူယုတ်မာ နိုင်ငံရေးသမားမဖြစ်တော့ပါဘူး။ 

သူတော်ကောင်း နိုင်ငံရေးသမား ဖြစ်သွားနိုင်ပါတယ်။ နှလုံးသွင်း မမှန်ကန်တဲ့ အခါကြတော့ တရားကိုတောင် လိုရာပုံဖော် သုံးသပ်ကြတဲ့ လူယုတ်မာ နိုင်ငံရေးသမားတွေကြောင့် သံဃာတော်တွေက နိုင်ငံရေးသမားတွေကို ကြောက်ကြတယ် ဆိုတာ ဒီလိုမျိုး မဟုတ်မဟတ် ပုံဖော်တတ်ကြလွန်းလို့ပဲ ထင်ပါရဲ့။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)