နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး









MNP ၊ ဩဂုတ် ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) နှင့် အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ မြှင့်တင်ရေး ဆောင်ရွက်နေမှုများနှင့် ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားပြိုင်ကွင်းသို့ ရောက်ရှိကြပြီး ရှင်းလင်းဆောင်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ အားကစားကွင်းများ၊ အားကစားရုံများ၊ ရေကူးကန်တည်ဆောက်ထားရှိမှုနှင့် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိမှု၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) တည်ဆောက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်ရှေ့ဆက်ဆောင်ရွက်သွားမည့် ဦးတည်ချက်များတွင် အားကစားကဏ္ဍမြှင့်တင်နိုင်ရေး အချက်တစ်ချက်အနေဖြင့် ထည့်သွင်းချမှတ်ထားရှိပြီးဖြစ်ပြီး အားကစားကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက် ခြင်းသည်မိမိတို့နိုင်ငံနှင့် လူမျိုး၏ဂုဏ်ကိုမြှင့်တင်ပေးခြင်းပင်ဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စိတ်ဓာတ် များကိုလည်း နိုးကြားတက်ကြွလာစေမည်ဖြစ်ကြောင်း၊ အားကစားသည် အမျိုးသားရေးပင် ဖြစ်သဖြင့် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အားကစားကွင်းများကို အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် လာရောက်ကြည့်ရှုနိုင်မည့် ပွဲကြည့်ပရိသတ်အင်အားပမာဏကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ကြည့်၍ ရေရှည်မျှော်တွေးဆောင်ရွက်ရန်နှင့် အဆင့်မီပြီးခေတ်နှင့်လျော်ညီသည့် စံချိန်မီ အားကစားရုံ၊ အားကစားကွင်းများဖြစ်ရန်လိုကြောင်း၊ ကားရပ်နားရန်နေရာများ၊ အရေးပေါ်အခြေ အနေတွင် အဝင်၊ အထွက်လွယ်ကူအဆင်ပြေစေမည့် လူထွက်ပေါက်များကိုလည်း ထည့်သွင်း စဉ်းစားအဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) တည်ဆောက် ရာတွင် ခွင့်ပြုပေးထားသည့် မြေနေရာများကို စနစ်တကျဖြင့် တွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင်လည်း မြေလပ်များမရှိစေရေး သတ်မှတ်အကွာအဝေး နှင့်အညီ ဖြစ်ရန်လိုကြောင်း၊ အားကစားအဆင့်အတန်း ကောင်းမွန်အဆင့်မြင့်လာစေရေးအတွက် အားကစားကွင်းများ၊ အားကစားရုံများသည် သတ်မှတ်ထားသည့် အဆင့်အတန်းမီရန်လိုကြောင်း၊ ထိုသို့ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှသာလျင် အားကစားတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ နည်းပြများသည်လည်း အရည်အချင်းပြည့်မီစေရေး ဆောင်ရွက်ပေး ရန်လိုကြောင်းဖြင့် မှာကြား သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုးသိန်းအားကစားပြိုင်ကွင်းအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်တိုင်အားကစားကွင်းသို့ ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆင့်မြင့် ရေကူးကန် တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပွဲကြည့်စင် တည်ဆောက်ရာတွင် ပရိသတ်အရေအတွက်များများ ဝင်ဆံ့နိုင်အောင် တွက်ချက်ဆောင်ရွက်ရန်၊ ရာသီဥတုဒဏ် အထူးသဖြင့် လေပြင်းတိုက်ခတ်မှုဒဏ်ခံနိုင်အောင် တွက်ချက်ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းသို့ရောက်ရှိကြရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဘုန်းလွင်က ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များ၊ ရေမီတာများတပ်ဆင်ထားရှိမှုနှင့် ရေပေးဝေခြင်းလုပ်ငန်း များဆောင်ရွက်လျက်ရှိမှု၊ လက်ရှိ ရေဖြန့်ဝေပေးနေမှုနှင့် နွေရာသီရေလိုအပ်မှုများရှိချိန်တွင် မြို့ရေလိုအပ်ချက်၊ ရေအရည်အသွေး ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာမှတ်တမ်းများ၊ ရေသန့်စင်စက်ရုံလုပ်ငန်းဆောင်ရွက်မှုများ၊ သန့်စင်ပြီး ရေများအား ပြည်သူများသုံးစွဲနိုင်ရေး ဖြန့်ဝေပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေကိုအကျိုးမဲ့ သုံးစွဲမှုမရှိစေရေး ပြည်သူများကို အသိပညာပေး ဆောင်ရွက်ရန်လိုကြောင်း၊ ပုသိမ်မြို့သည် မိုးများသည့်ဒေသဖြစ်သဖြင့် မိုးရေကို စုဆောင်းသိုလှောင်၍လည်း အသုံးပြုနိုင် ကြောင်း၊ ရေသန့်စင်စက်ရုံအနီး မြစ်ကြောင်းအတွင်းသဲနုန်းတင်ခြင်းများကို လျှော့ချနိုင်ရန်အတွက် ကမ်းပါးများအနီး၌ သစ်ပင်များကိုတတ်နိုင်သမျှ စိုက်ပျိုးထိန်းသိမ်းရန်လိုကြောင်းဖြင့်မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေသန့်စင်စက်ရုံ၌ ရေများအဆင့်ဆင့် သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။


အဆိုပါ ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းအနေဖြင့် ငဝန်မြစ်အတွင်းမှရေများကို တစ်ရက်လျှင် ရေဂါလံ ၄ ဒသမ ၅ သန်းကို သန့်စင်ပေးနိုင်ပြီး ယခုအခါပုသိမ်မြို့ အတွင်းသို့ ရေပိုက်လိုင်းများ သွယ်တန်း၍ သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရေများဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)